ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့၊ ကွင်းကောက်မြောက် ကျေးရွာအုပ်စု၊ ချောင်းခွကျေးရွာ၌ ကျင်းပပြုလုပ်သည့် အလင်းရောင်တံတား ဖွင့်ပွဲသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလင်းရောင်တံတားဖြစ်မြောက်ရေးကော်မတီဝင်များ၊ အလှူရှင်များနှင့်အတူ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့၊ ကွင်းကောက်မြောက် ကျေးရွာအုပ်စု၊ ချောင်းခွကျေးရွာ၌ ကျင်းပပြုလုပ်သည့် အလင်းရောင်တံတား ဖွင့်ပွဲသို့ တက်ရောက်၍ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုဖွင့်လှစ်သော အလင်းရောင်တံတားသည် အလျား (၂၈၀)ပေ၊ အကျယ် (၁၃)ပေ၊ အမြင့် (၁၈)ပေရှိပြီး ငွေကျပ် (၉၄၃၇၃၅၇၀)ကျပ် အကုန်အကျခံဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ကို သိရှိရပါကြောင်း၊ ယခုလို တံတားဖြစ်မြောက်အောင် မိမိဒေသအကျိုးကို မျှော်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အလှူငွေဖြင့် ပါဝင်လှူဒါန်းပေးခဲ့သော အလှူရှင်များနှင့် ဒေသခံပြည်သူများမှလည်း အင်နှင့်အားဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့်အတွက် မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အစိုးရအဖွဲ့၊ လွှတ်တော်နှင့်ဌာနဆိုင်ရာများမှ ပြည်သူတို့၏ လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများမှလည်း တာဝန်ကျေပွန်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုဖွင့်လှစ်ခဲ့သော အလင်းရောင်တံတားကိုလည်း ရေရှည်အသုံးပြုနိုင်ရန်အတွက် ဒေသခံပြည်သူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိရပ်ဖများတွင် တာဝန်ရှိသလို လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများမှလည်း ကြီးကြပ်ဆောင်ရွက်ပေးသွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

 

ထို့နောက် ဝန်ကြီးချုပ်မှ အထိမ်းအမှတ်အလံအား လွှဲပြောင်းလက်ခံရယူခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌမှ အလှူငွေကျပ်သိန်း (၅၀)အား တံတားဖြစ်မြောက်ရေးကော်မတီသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

 

03-Jul-2018