ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံမြားပစ်သင်တန်း (၇/၂၀၁၈)သင်တန်းဆင်းပွဲသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၉.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အာရှမြားပစ်ကောင်စီအဖွဲ့ဝင်၊ အရှေ့တောင်အာရှ မြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် နာယက ဒေါက်တာခင်ရွှေ ဦးဆောင်သည့်အဖွဲ့၊ သင်တန်းနည်းပြနှင့်သင်တန်းသား/သင်တန်းသူများနှင့်အတူ ပုသိမ်မြို့၊ ကိုးသိန်းအားကစာခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံမြားပစ်သင်တန်း (၇/၂၀၁၈)သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်မှ သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် အနေဖြင့် စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ (၂၂)နှစ်တာကာလအတွင်း နိုင်ငံတကာပွဲပေါင်း (၁၀၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် (၉၄)ခု၊ ငွေတံဆိပ် (၉၇)ခု၊ ကြေးတံဆိပ် (၉၁)ခု၊ စုစုပေါင်း ဆုတံဆိပ် (၂၈၂)ခုကို နိုင်ငံတော်အတွက် ရယူပေးနိုင်ခဲ့ပြီး နိုင်ငံတော်၏ ဂုဏ်ကို မြှင့်တင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ နိုင်ငံကိုယ်စားပြုကစားသမားတွေထဲမှာ ဧရာဝတီတိုင်းဒေသကြီးကလည်း ပါဝင်သည်ကို သိရှိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယနေ့ဖွင့်လှစ်ပြီးသည့် သင်တန်းမှ ထူးချွန်ပြီး ရွေးချယ်ခံရသည့် မျိုးဆက်သစ်များအနေဖြင့်လည်း မိမိဒေသရဲ့ဂုဏ်ကို မြားပစ်အားကစားနှင့် မြှင့်တင်နိုင်တဲ့ နိုင်ငံ့လက်ရွေးစင်များဖြစ်အောင် ကြိုးစားကြရန် မှာကြားလိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးရဲ့ အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်၊ အားကစားနည်းတိုင်း တစ်နှစ်ထက်တစ်နှစ်တိုးတက်လာအောင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ သင်တန်းနည်းပြအား ဂုဏ်ပြုလက်ဆောင်များ၊ ဆုရရှိသော သင်တန်းသား/သူများအား ဆုတံဆိပ်နှင့် အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ သင်တန်းသား/သူများ၏ မြားပစ်သရုပ်ပြမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။

29-Jun-2018