ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် စိုက်ပျိုး မွေးမြူရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ပုသိမ်            ဇူလိုင်       ၁၉ 

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်   စိုက်ပျိုးမွေးမြူရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အဓိကလုပ်ကိုင်သောနိုင်ငံဖြစ်ပါ‌ကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးသည်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် စိုက်ဧကပြည့်မီရေး ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးနှင့် မွေးမြူရေးလုပ်ငန်းများပိုမိုတိုးတက်လုပ်ကိုင်နိုင်ရေး အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရိုးပြတ်ကျန်ဧကများဖော်ထုတ်၍ တစ်သီးသာစိုက်ပျိုးရာမှနှစ်သီးစိုက်ပျိုးနိုင်ရေးနှစ်အလိုက် ပိုမိုတိုးတက်စိုက်ပျိုးခဲ့ပါကြောင်း၊ ရေငန်ဝင်ရောက်သည့်ဒေသများတွင် ရေငန်ဒဏ်ခံနိုင်သည့် စပါးများစိုက်ပျိုးခြင်း၊ ရေငန်တားတာများ၊ ကျွန်းပတ်တာများ‌၊ ရေထိန်းတံခါးများဆောင်ရွက်၍ သီးထပ်စွမ်းအား၊ သီးနှံစိုက်စိုက်စွမ်းအားများတိုးတက်အောင် ဆောင်ရွက်လျှက်ရှိပါကြောင်း၊  သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် တောင်သူလယ်သမားနေ့များတွင် ဆွေးနွေးပွဲများပြုလုပ်၍ ရလာဒ်များဖော်ထုတ်ကာ သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ် အစရှိသည့် ဆီထွက်သီးနှံ စိုက်ဧကများပိုမိုစိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ဆီစက်များအဆင့်မြှင့်တင်နိုင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်း‌ကျော် အား  သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) အပြည့်အဝထည့်သွင်းစိုက်ပျိုးပြီးဖြစ်ပါကြောင်း၊ ယခုနှစ်သည် မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရမည့်နှစ်ဖြစ်ပြီး အစည်းအဝေးသို့တက်ရောက်လာသူများကလည်း စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် တင်ပြဆွေးနွေးကြရန်”အမှာစကားပြောကြားသည်။ 

ဆက်လက်၍ ပုသိမ်ခရိုင်၊ ကျုံပျော်ခရိုင်၊ ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်နှင့် လပွတ္တာခရိုင်တို့မှ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများက အဓိကသီးနှံ(၁၀)မျိုး စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊ ကြဲခင်းစနစ်ပပျောက်ရေးဆောင်ရွက်ထားမှုအခြေအနေများ၊ ပဲပုတ်သီးနှံစိုက်ပျိုးမည့်အခြေနေများ၊ ကော်ဖီသီးနှံလျာထားမှုအပေါ် စိုက်ပျိုးဆောင်ရွက်မှုအခြေအနေများ၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် လျာထားချက်ပြည့်မီရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မိုးစပါးလျာထားဧကအပေါ် စိုက်ပျိုးဆောင်ရွက်မှုအခြေအနေများနှင့်  မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေများကိုလည်းကောင်း‌‌ေဆွး‌ေနွးတင်ပြခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရရှိစေရေး ပဲကြီးပဲပုပ် ဧက(၁၀၀၀၀၀)  တိုးချဲ့စိုက်ပျိုးမည့်အခြေအနေနှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း အဓိကသီးနှံ (၁၀)မျိုး သတ်မှတ်ရန် ကိစ္စနှင့်ပတ်သက်၍ မြေစာရင်းဦးစီးဌာန တိုင်းဦးစီးမှူးကလည်းကောင်း၊ စပါးမျိုးစေ့ချကိရိယာ Drum Seeder များ ထုတ်လုပ်နိုင်မည့်အခြေအနေများအား ပုသိမ်စက်မှုဇုန် ဥက္ကဌကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်းမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ နို့စားနွား၊ အသားတိုးကြက်၊ ဥစားဘဲ၊ အသားတိုးဝက် အစရှိသည့် မွေးမြူေရးထုတ်ကုန်များအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်း‌ဦးစီးမှူးကလည်းကောင်း၊ ရေချို ရေငန် ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့် အစရှိသည့် ရေထွက်ကုန်များ မွေးမြူထုတ်လုပ်မှုအခြေအနေများအား ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။  ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက စိုက်ဧကများပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ ကြဲခင်းစနစ်များပပျောက်ရေးအတွက် စပါးမျိုးစေ့ချကိရိယာများ ထုတ်လုပ်ဖြန့်ဖြူးမည့်အခြေအနေများ၊ ဆောင်းနေကြာ လျာထားဧကပြည့်မီရေးနှင့် ပဲကြီးပဲပုပ် ဧက (၁၀၀၀၀၀) စိုက်ပျိုးမည့်အခြေအနေများ၊ မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေများအား ဆွေးနွေးတင်ပြချက်များအပေါ် တိုင်ဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့‌ကြောင်း သိရှိရသည်။

19-Jul-2025