ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်၊ အသုတ်မြို့တွင် ပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ ပုသိမ်မုံရွာ ကားလမ်းမကြီးဘေး ကိုင်းချောင်-ဘန့်ဘွေးကုန်းကျေးရွာချင်းဆက်လမ်းတွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂၀၂၅ ခုနှစ် မိုးရာသီတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်အသီးသီး၌ လူထုဖြန့်ပျိုးပင်(၁၂)သိန်းကျော် ဖြန့်ဝေစိုက်ပျိုးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း သစ်တောစိုက်ခင်းများအနေဖြင့် စီးပွားရေးစိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်းများနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများကို နှစ်စဉ်တိုးချဲ့ တည်ထောင်စိုက်ပျိုးလျက်ရှိပါကြောင်း၊ သစ်တောပြုန်းတီးမှုနည်းပါးစေရေးနှင့် သစ်တောဖုံးလွှမ်းမှုဧရိယာများ ပိုမိုတိုးတက်စေရေးအတွက် နှစ်စဉ်သစ်ပင်စိုက်ပျိုးခြင်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျှက်ရှိသည့်အပြင် မြို့နှင့်(၃)မိုင်ပတ်လည်တွင် Green Zone Area များအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ လမ်းဘေးဝဲယာများတွင် စိမ်းလန်းစိုပြေစေရေး အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် စိုက်ပျိုးပြီးစီးရုံနှင့် မလုံလောက်ဘဲ ရှင်သန်ကြီးထွားအောင်၊ တစ်ပင်စိုက် တစ်ပင်ရှင်အောင် ပြုစုပျိုးထောင်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ သဘာဝသစ်တောများ ရေရှည်တည်တံ့စေရေး၊ ပင်လယ်ကမ်းရိုးတန်း ဒီရေတောများဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တော ဖုံးလွှမ်းမှုတိုးတက်လာပြီး စိမ်းလန်းစိုပြည်လှပ စေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ သဘာဝဘေးအန္တရာယ်များ ကာကွယ်တားဆီးရေး တို့အတွက် သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းများကို တိုင်းဒေသကြီးအတွင်း အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသည့်ကာလဖြစ်သောကြောင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များ၊ ကျောင်းသား၊ ကျောင်းသူများက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဧရာဝတီတိုင်းဒေသကြီးအား စိမ်းလန်းစိုပြေ၍သန့်ရှင်းသာယာ လှပသည့် တိုင်းဒေသကြီးအဖြစ်ဖန်တီး ပုံဖော်ကြရမည်ဖြစ်ကြောင်း”တိုက်တွန်းအမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးကဦးဆောင်၍ ပျဉ်းကတိုး၊ ခရေ၊ ကံ့ကော်၊ မဟော်ဂနီ၊ ရေတမာ၊ မန်ဂျန်ရှားအစရှိသည့် ပျိုးပင်(၁၃၆၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၃၅၀)ဦးတို့က စုပေါင်းသစ်ပင်စိုက်ပျိုးမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ဆုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။