ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက်တွင် ဆွမ်းဆန်တော်နှင့် ထာဝရဆွမ်းပဒေသာပင် ဆက်ကပ်လှူဒါန်း

ပုသိမ် ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက်ရှိ သီတင်းသုံးတော်မူသော သံဃာတော်အရှင်သူမြတ်များအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်းမိသားစု၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် THINZAR KYAW ကုမ္ပဏီမိသားစုတို့မှ ဆွမ်းဆန်တော်နှင့် ထာဝရဆွမ်းပဒေသာပင်များ ဆက်ကပ်လှူဒါန်းသည့်အလှူတော်မင်္ဂလာအား ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ အလှူရှင်မိသားစုများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်တို့မှ “နမောတဿ” (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်(အဂ္ဂမဟာပဏ္ဏိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဏိတ)ဘဒ္ဒန္တဝဏ္ဏိတာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အလှူရှင်များမှ ဆရာတော်သံဃာတော်အရှင်သူမြတ်များအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော်ဘဒ္ဒန္တပဏ္ဏိတာဘိဝံသ အရှင်သူမြတ်က ဆွမ်းဆန်‌တော်နှင့် ထာဝရဆွမ်းပဒေသာပင် ဆက်ကပ်လှူဒါန်းခြင်းအကျိုးကို ဟောကြားတော်မူခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ THINZAR KYAW ကုမ္ပဏီတာဝန်ရှိသူများနှင့် အလှူရှင်များက ဆွမ်းဆန်တော်နှင့် ထာဝရဆွမ်းပဒေသာပင်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့တို့မှ လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက် စာသင်စာချကထိကဆရာတော်ဘဒ္ဒန္တရာဇိန္ဒအရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်း အနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းကာ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်အား ဒုတိယနေ့ပွဲစဉ်အဖြစ် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် နေပြည်တော်ကောင်စီနယ်မြေကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်ပရိသတ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြိုင်ပွဲဝင်အသင်းများမှ ကွင်းအတွင်းနေရာယူမိတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အားကစားသမားများအား တစ်ဦးချင်းလိုက်လံနုတ်ဆက်အားပေးခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြုအမျိုးသားအသင်းနှင့် နေပြည်တော်ကောင်စီနယ်မြေကိုယ်စားပြုအမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများအား ဘားအံ၊ တောင်ကြီး၊ ပုသိမ်၊ ပဲခူး၊ ရန်ကုန် မြို့များတွင် ဇုန်အလိုက်ကျင်းပလျက်ရှိပြီး ပုသိမ်ဇုန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်‌မြေနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု အသင်းများယှဉ်ပြိုင်ကစားလျက်ရှိကာ ( ၁၄.၇.၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်ကောင်စီနယ်‌မြေအသင်း၊ ( ၁၅.၇.၂၀၂၅)ရက်နေ့တွင် ရခိုင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ (၁၇.၇.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ (၁၈.၇.၂၀၂၅) ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်‌မြေနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု အသင်းများ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်းသိရှိရပါသည်။

12-Jul-2025