၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အောင်ပွဲရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးပြေးခုန်ပစ်အသင်းအားဂုဏ်ပြုချီးမြှင့်

ပုသိမ် ဇူလိုင် ၁၁

၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် အောင်ပွဲရရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ အောင်ပွဲရအားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် အောင်ပွဲရရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ပြေးခုန်ပစ် အသင်းအား ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထို့နောက် ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဧရာရွှေဝါ ခန်းမတွင် ဆက်လက်ကျင်းပရာ ပြည်နယ်နှင့်တိုင်းဒေသကြီးပြေးခုန်ပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခဲ့မှု video clip အား ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးပြေးခုန်ပစ် ပြိုင်ပွဲတွင်ရရှိ ခဲ့သည့် အမျိုးသားတံခွန်စိုက်ဆုဖလားအား တိုင်းဒေသကြီးပြေးခုန်ပစ်အသင်း အုပ်ချုပ်သူက အပ်နှံရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် “ဧရာဝတီတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအနေဖြင့် မျှော်မှန်းသည်ထက်ပိုမို၍ ဆုများကိုထိုက်ထိုက်တန်တန်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသောကြောင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ၂၀၂၅ ခုနှစ် ပြည်နယ် နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယခုအချိန်အထိ ပြိုင်ပွဲအသီးသီးမှ ရရှိခဲ့သောဆုတံဆိပ်များအရ မိမိတို့တိုင်းဒေသကြီးသည် ဒုတိယနေရာတွင်ရပ်တည်လျက်ရှိပြီး ဆုတံဆိပ်များရရှိအောင် ဆောင်ရွက်ပေးကြသော ဧရာဝတီတိုင်းဒေသကြီးပြေးခုန်ပစ်အသင်းမှ အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားသွား ကြစေလိုကြောင်း”ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ဂုဏ်ပြုဆုများကိုချီးမြှင့်ရာ အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲတွင် တစ်ဦးချင်းနှင့် လက်ဆင့်ကမ်းပြိုင်ပွဲများ၌ ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆု ရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီး တရားသူကြီးချုပ်ကလည်ကောင်း၊ အမျိုးသမီး မီတာ(၁၀၀)နှင့် မီတာ(၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ရွှေ(၁)ခုနှင့် ငွေ(၁)ခုရရှိသူ၊ အမျိုးသမီး တစ်ဦးချင်း(၅) ကီလိုလမ်းလျှောက်ပြိုင်ပွဲတွင် ရွှေ(၁)ခုရရှိသူ၊ အမျိုးသမီး မီတာ(၁၀၀) လက်ဆင့် ကမ်းပြိုင်ပွဲတွင်ရွှေ(၁)ခုနှင့် တန်းမြင့်ခုန်ပြိုင်ပွဲတွင် ငွေ(၁)ခုရရှိသူ၊ အမျိုးသမီး မီတာ(၁၀၀) နှင့် မီတာ(၄၀၀)လက်ဆင့်ကမ်းပြိုင်ပွဲတွင် ရွှေ(၁)ခု၊ ငွေ(၁)ခုနှင့် သုံးဆင့်ခုန်ပြိုင်ပွဲတွင် ကြေး(၁)ခု ရရှိသူနှင့် အမျိုးသမီး မီတာ(၁၀၀) တစ်ဦးချင်းပြိုင်ပွဲတွင် ရွှေ(၁)ခု၊ မီတာ(၁၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ရွှေ(၁)ခု၊ မီတာ(၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ငွေ(၁)ခု၊ မီတာ(၂၀၀)တစ်ဦးချင်းပြိုင်ပွဲတွင် ငွေ(၁)ခုနှင့် မီတာ(၄၀၀) တစ်ဦးချင်းပြိုင်ပွဲတွင် ကြေး(၁)ခု၊ စုစုပေါင်း ရွှေ(၂)ခု၊ ငွေ(၂)ခု၊ ကြေး(၁)ခုရရှိသူအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက လည်းကောင်း၊ အမျိုးသား မီတာ(၁၀၀)လက်ဆင့်ကမ်းပြိုင်ပွဲတွင် ရွှေ(၁)ခု၊ မီတာ(၁၀၀) တစ်ဦးချင်းပြိုင်ပွဲတွင် ကြေး(၁)ခု နှင့် တန်းမြင့်ခုန်ပြိုင်ပွဲတွင် ကြေး(၁)ခုရရှိသူ၊ အမျိုးသားမီတာ (၁၀၀)နှင့် မီတာ(၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ရွှေ(၂)ခု၊ မီတာ(၂၀၀)တစ်ဦးချင်းပြိုင်ပွဲတွင် ငွေ(၁)ခုနှင့် မီတာ(၄၀၀)တန်းကျော်ပြိုင်ပွဲတွင် ငွေ(၁)ခု ရရှိသူ၊ အမျိုးသား မီတာ(၁၀၀)နှင့် မီတာ(၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ရွှေ(၂)ခုနှင့် မီတာ(၈၀၀)တစ်ဦးချင်းပြိုင်ပွဲတွင် ရွှေ(၁)ခု ရရှိသူ၊ အမျိုးသားတစ်ဦးချင်းမီတာ (၁၀၀)(၂၀၀)(၄၀၀)တို့တွင် ရွှေ(၃)ခု၊ အမျိုးသား မီတာ(၁၀၀)နှင့် မီတာ(၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ရွှေ(၂)ခု စုစုပေါင်း ရွှေ(၅)ခုရရှိသူ နှင့် အသင်းအုပ်ချုပ်နည်းပြများအား ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း အသီးသီး ဆုများချီးမြှင့်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးပြေးခုန်ပစ်အသင်းအုပ်ချုပ်သူမှ ကျေးဇူးတင် စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အောင်ပွဲရ ဧရာဝတီတိုင်း ဒေသကြီးအသင်းအား စားသောက်ဖွယ်ရာများဖြင့် တည့်ခင်းဧည့်ခံခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်အသင်းအနေဖြင့် ရွှေတံဆိပ်(၉)ခု၊ ငွေတံဆိပ်(၇)ခု၊ ကြေးတံဆိပ်(၇)ခုဖြင့် တိုင်း‌ေဒသကြီးနှင့် ပြည်နယ်အလိုက် ဒုတိယရရှိခဲ့ပြီး အမျိုးသားတစ်ဦးချင်း မီတာ(၄၀၀)ပြိုင်ပွဲ၊ အမျိုးသား မီတာ(၁၀၀) လက်ဆင့်ကမ်းပြိုင်ပွဲ၊ အမျိုးသမီး မီတာ(၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြေးခုန်ပစ် စံချိန်ချိုးရလဒ်များရရှိခဲ့ကာ အမျိုသားပြိုင်ပွဲများအားလုံးတွင် ရွှေတံဆိပ်ဆု(၆)ခု၊ ငွေတံဆိပ် (၃)ခု၊ ကြေးတံဆိပ်(၅)ခုဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားအားရရှိခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအဖွင့်ပွဲစဉ်အား ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်ပရိသတ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြိုင်ပွဲဝင်အသင်းများမှ ကွင်းအတွင်းနေရာယူမိတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အားကစားသမားများအား တစ်ဦးချင်းလိုက်လံနုတ်ဆက်အားပေးခဲ့ပါသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအမျိုးသားအသင်းနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြုအမျိုးသားဘောလုံးအသင်းတို့ အဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများအား ဘားအံ၊ တောင်ကြီး၊ ပုသိမ်၊ ပဲခူး၊ ရန်ကုန် မြို့များတွင် ဇုန်အလိုက်ကျင်းပသွားမည်ဖြစ်ပြီး ပုသိမ်ဇုန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်‌ေမြနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု အသင်းများက ( ၁၁.၇.၂၀၂၅)ရက်နေ့မှ (၁၈.၇.၂၀၂၅) ရက်နေ့အထိ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်းသိရှိရပါသည်။

11-Jul-2025