စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အလေးထားကြိုးပမ်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပုသိမ် ဇူလိုင် ၁၁
စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အလေးထားကြိုးပမ်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံတော်၏စီးပွားရေးတိုးတက်စေရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးလမ်းညွှန်ချက်များအပေါ် စီမံချက်များရေးဆွဲအကောင်အထည်ဖော်သွားရမည် ဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့်တိုင်းဒေသကြီးဖြစ်သည်နှင့် အညီ သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာထည့်သွင်း စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိပြီးဖြစ်၍ ယခုနှစ်မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရန်ဆောင်ရွက်နေပါကြောင်း၊ စားသုံးဆီဖူလုံစေရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ် စသည့် ဆီထွက်သီးနှံများကိုစိုက်ပျိုးလျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး ဆီထွက်သီးနှံ အထူးဇုန် ၁ နှင့် ၂ ကိုလည်း ဒုတိယနှစ်အဖြစ် အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံများ စိုက်ဧကပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းတိုးတက်ရေး စိုက်တိုးမြှင့်အဖွဲ့များက မိမိတို့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက် စီမံချက်များရေးဆွဲ၍ အောင်မြင်အောင်ဆောင်ရွက်ရန် လိုပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများအနေဖြင့် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး၊ မွေးမြူရေး လုပ်ငန်းများ ပိုမိုတိုးတက်မွေးမြူနိုင်ရန်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လုပ်ငန်းရှင် များအား တွေ့ဆုံအားပေး၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးရန်လိုပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့် ထုတ်ကုန်များတိုးတက် ထုတ်လုပ်နိုင်ရေး၊ MSME လုပ်ငန်းများ ပိုမိုတိုးတက်လုပ်ကိုင်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးပေးနိုင်ရေး၊ ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခရိုင် အလိုက် သီးနှံစုံပန်းတိုင်အထွက်နှုန်းရရှိရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်လုပ်ကိုင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးတင်ပြသွားရန်”အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးတာဝန်ရှိသူ များနှင့်ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဌများမှ သီးနှံစုံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ပြောင်းလဲစိုက်ပျိုးမည့်အစီအမံများ၊ စိုက်ဧကများပြည့်မီစွာစိုက်ပျိုးနိုင်ရေးဆောင်ရွက်မည့် အစီအမံများ၊ မွေးမြူရေး လုပ်ငန်းများတိုးချဲ့ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေး အလေးထားဆောင်ရွက် ကြရန်၊ ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်းကျော်တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးပြီးဖြစ်၍ မြေဆီလွှာပြန်လည်ကောင်းမွန်လာမှု၊ သွင်းအားစုထည့်သွင်းမှုလျှော့ချ နိုင်မှုနှင့် အထွက်နှုန်းတိုးတက်လာမှုများအား စနစ်တကျမှတ်တမ်းထားကြရန်၊ ပေါ်ဆန်းစပါး အရည်အသွေး ကောင်းမွန်ရေးနှင့် ဈေးကွက်ရရှိရေး ပေါ်ဆန်းဖိုရမ်ပြုလုပ်ခဲ့ပြီး ရရှိလာသည့် ရလဒ် များအား အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်ဝင်သည့် ပီလောပီနံထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်၊ ရေငံ ဝင်ရောက်သည့်ဒေသများတွင် ရေငံဒဏ်ခံနိုင်သည့်မျိုးစပါးများ တိုးချဲ့စိုက်ပျိုးကြရန်၊ ကြဲခင်းစနစ် ပပျောက်ရေး ကောက်စိုက်စက်များ၊ မျိုးစေ့ချကိရိယာ (Drum Seeder)များဖြင့် စနစ်တကျ စိုက်ပျိုးနိုင်ရေးနှင့် လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။