ပုသိမ်မြို့၌ (၇၃)ကြိမ်မြောက် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ဆေးဝါးအလှူတော် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ

ပုသိမ် ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်း၌ ယနေ့နံနက်ပိုင်းက ၁၃၈၇ ခုနှစ်၊ (၇၃) ကြိမ်မြောက် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ဆေးဝါးအလှူတော် ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဦးမောင်ကြီးအာရုံခံ တန်ဆောင်းရှိ ရုပ်ပွားတော်မြတ်အား ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူပူဇော်ခဲ့ကြပြီး အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က မွန်းလတ်ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် အခမ်းအနားကိုဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိစာသင်တိုက်၏ ပဓာနနာယဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက) ဘဒ္ဒန္တဝိဿုတမဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုခဲ့ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့်၎င်းတို့၏ဇနီးများက သင်္ကန်း၊ နဝကမ္မဝတ္ထုငွေ၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ဆေးဝါး အစရှိသည့်လှူဖွယ်ဝတ္ထုပစ္စည်းများအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက သီလရှင်ဆရာကြီးများအား သီလရှင်ဝတ်စုံ၊ နဝကမ္မဝတ္ထုငွေ၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါး အစရှိသည့် လှူဖွယ်ဝတ္ထု ပစ္စည်းများအားလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတမဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဗုဒ္ဓ ပြတိုက်တွင် ပန်း ရေချမ်းဆီမီးများကပ်လှူပူဇော်ခဲ့ပြီး ပြတိုက်ရှိ ဆင်းတုတော်များ၊ ရှေးဟောင်းပစ္စည်းများ ပြသထားရှိမှုကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းပစ္စည်းများ ရှေးလက်ရာမပျက်ထိန်းသိမ်းထားရှိစေရေး တာဝန်ရှိသူများအားမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို လက်ခံကျင်းပမည့် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းသို့သွားရောက်ကြည့်ရှု စစ်ဆေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က LED Score Board စိုက်ထူနေမှုအား အားကစားပြိုင်ပွဲအမီဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဂရုစိုက်ဆောင်ရွက်ရန်၊ အားကစားကွင်းပတ်ဝန်းကျင်နှင့်ပွဲကြည့်စဉ်များ သန့်ရှင်းမှုရှိစေရေး၊ ပွဲကြည့်ပရိတ်သတ်များအား အမှိုက်များ စနစ်တကျ စွန့်ပစ်စေရေးနှင့် အမှိုက်ပုံးများထားရှိစေရေးမှာကြားခဲ့ကာ ထမင်းစားဆောင်နှင့် တည်းခိုဆောင်များအားကြည့်ရှုစစ်ဆေးခဲ့ပြီး ထမင်းစားဆောင်တွင် မနက်စာ၊ နေ့လယ်စာ၊ ညနေစာ၊ အားဖြည့်စာများ ကျွေးမွေးမည့်အစီအမံများအား ခင်းကျင်းပြင်ဆင်ထားမှုအပေါ် ဆန်၊ဆီ၊ အသား၊ငါး ဈေးနှုန်းသက်သာစေရန် စီမံပေးထားသဖြင့် အမယ်နှုန်းထားများ ပိုမိုကျွေးမွေးရန်၊ နေ့စဉ်ကျွေးမွေးမည့် အစီအစဉ်ရေးဆွဲရန်၊ ထမင်းစားဆောင်သန့်ရှင်းသပ်ရပ်ရေး အလေးထားဆောင်ရွက်ရန်၊ အားကစားသမားများ တည်းခိုနေထိုင်ရေးအတွက် တည်းခိုဆောင်များစနစ်တကျထားရှိရန်၊ အားကစားသမားများအတွက် နေ့စဉ်တည်းခိုနေထိုင်စားသောက်ရာတွင် လိုအပ်ချက် မရှိအောင်စီစဉ်ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်ရောက်ရှိနေသည့် ရန်ကုန်၊ ရခိုင်၊ နေပြည်တော်မှ အားကစားသမားများနှင့်တွေ့ဆုံ၍ အားကစားသမားများအတွက် အားကစားကွင်းများ၊ နေထိုင်စားသောက်မှုများ အဆင်ပြေကောင်းမွန်စေရေး ဆောင်ရွက်ပေးထားပါကြောင်းနှင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စွာဖြင့် အောင်မြင်မှုရရှိအောင် ကြိုးစားယှဉ်ပြိုင် သွားကြရန် အာပေးစကားများ ပြောကြားခဲ့သည်။

10-Jul-2025