ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မိုးရာသီသစ်ပင်စိုက်ပွဲတော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၉.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ  ပုသိမ်မြို့၊ ကွန်ပျူတာတက္ကသိုလ်ဝန်းအတွင်း ကျင်းပပြုလုပ်သည့် ၂၀၁၈ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်ကာ တိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးခြင်းအတွက် ခရိုင်/မြို့နယ်များရှိ ပျိုးဥယျာဉ်များတွင် သစ်မျိုးစုံ ပျိုးပင်ပေါင်း (၁၆၉၅၈၀၀)ပင် ပျိုးထောင်ခဲ့ပြီး လူထုလှုပ်ရှားမှုအနေဖြင့် အထိမ်းအမှတ် သစ်ပင်စိုက်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ ဌာနဆိုင်ရာရုံးဝန်း၊ ကျောင်းဝန်း၊ ရပ်ကွက်/ကျေးရွာအုပ်စုများနှင့် လမ်းဘေးဝဲ/ယာများတွင် သစ်ပင်များ ဖြန့်ဝေစိုက်ပျိုးပေးခြင်း၊ ကျေးလက်အိမ်ရာ စီမံချက်အရ တစ်အိမ်ထောင် ကျွန်း (၃)ပင်၊ သစ်မာပင် (၂၀)၊ တစ်ရွာတစ်ဧက စိုက်ပျိုးခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပုသိမ်မြို့၊ ကွန်ပျူတာတက္ကသိုလ်ဝန်းအတွင်း ယခင် (၂၀၁၆ - ၂၀၁၇)ခုနှစ်မိုးရာသီတွင် သစ်ပင်များ စိုက်ပျိုးပေးခဲ့ပြီး ယနေ့တွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ခရေ၊ ကံကော်ပင် စုစုပေါင်း (၅၀၀)ပင် စိုက်ပျိုးသွားမှာဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ဦးဆောင်၍ သစ်ပင်များ စိုက်ပျိုးပေးကာ သစ်ပင်များစိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက် (၁၀၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ဒေါ်လှယဉ် ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ ကြွရောက်လာကြသော ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူကြည်ညိုခြင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ပါသည်။

19-Jun-2018