ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ် ဇွန် ၁၀

​ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နေ့လယ်ပိုင်းတွင် ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင်ကျင်းပပြုလုပ်သော တိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခဲ့ပါသည်။

​ဦးစွာ တိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က “အသက်(၁၈)နှစ်နှင့်အထက် အတည်ပြုလူဦးရေစာရင်း (ပဉ္စမမူကြမ်း) ပြုစုပေးပို့ရာတွင် စာရင်းအချက်အလက်များ မှန်ကန်စေရေး မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က စနစ်တကျစိစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူဦးရေအချက်အလက်များဖြစ်သည့် သေဆုံးသူများ ၊ သာသနာ့ ဘောင်ဝင်သူများ၊ ထောင်ကျ၊ ပြည်ပထွက်ခွာသူများ၊ ခရီးလွန်သူများ စာရင်းမှန်ကန်စေရေး လစဉ် စိစစ်ဆောင်ရွက်ရန်၊ နိုင် ၄ Server တွင် ဖြေရှင်းရန်ကျန်ရှိသည့် အချက်များအား သတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် မြေပြင်စိစစ်ခြင်းလုပ်ငန်းအား စီမံချက်ရေးဆွဲပြီး ဆောင်ရွက်ရန် ၊ ယာယီ တိုက်ပွဲရှောင်ပြည်သူများစာရင်းအား လစဉ်စာရင်း ပြုစုထားရှိပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား စိစစ်ဆောင်ရွက် ပေးရန် ၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီအဆင့်ဆင့်က အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်းမှာကြားခဲ့ပါသည်။ ​ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြပြီးဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများအားတင်ပြရာ အဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

10-Jun-2025