ပုသိမ်မြို့၊ သမိုင်းဝင်ရွှေမုဌောမဟာစေတီတော်မြတ်ကြီးတွင် နယုန်လပြည့်မဟာသမယအခါတော်နေ့ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ

ပုသိမ် ဇွန် ၁၀
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်မဟာသမယအခါတော်နေ့ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သမိုင်းဝင်ရွှေမုဌောမဟာစေတီတော်မြတ်ကြီးရှိ ဦးမောင်ကြီး အာရုံခံ တန်ဆောင်းတွင် ကျင်းပပြုလုပ်ရာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့်သံဃာတော်များ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများသည် အခမ်းအနားသို့ကြွရောက်လာကြသော ဩဝါဒါစရိယဆရာတော်ကြီး များနှင့်သံဃာတော်များအား မွန်းလတ်ဆွမ်းဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ထို့နောက် ၁၃၈၇ ခုနှစ်၊ နယုန်လပြည့်မဟာသမယအခါတော်နေ့ ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ကာ ပဏ္ဍိတာရုံကျောင်းတိုက်မှဆရာတော်ဦးသုမင်္ဂလက ဘုရားပင့်ဂါထာရွတ်ဆို၍ ဆရာတော်ဦးပညာစာရက နတ်ဗြဟ္မာများအား ပင့်ဖိတ်ခြင်းများ ဆောင်ရွက်ပြီး နိုင်ငံတော် ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ နဝင်္ဂသီလတော်များအား ခံယူဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တ သောဘိတ မဟာထေရ်မြတ်ထံက မဟာသမယအခါတော်နေ့အကြောင်းကို ဟောကြားတော်မူကာ ကြွရောက်တော်မူလာကြသော ဩဝါဒါစရိယဆရာတော်ကြီးများနှင့်သံဃာတော်များက မဟာသမယသုတ်တော်မြတ်ကိုရွတ်ဖတ်ပူဇော်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများက သံဃာတော်အရှင်သူမြတ်များအား သင်္ကန်းခြင်းနှင့်နဝကမ္မအလှူတော်ငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကာ ပဏ္ဍိတာရုံ ကျောင်းတိုက်မှဆရာတော်ဦးပညာစာရက နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြကြောင်းသိရသည်။