ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် မြန်မာနိုင်ငံအတွင်း ငလျင်ဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ်အလှူငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပုသိမ် မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် မြန်မာနိုင်ငံအတွင်း ပြင်းအား ၇.၇ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဒုတိယအကြိမ်အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လည်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် လာကြသော စေတနာရှင်၊ အလှူရှင်များသည် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“မန္တလေးငလျင်ကြီးလှုတ်ခတ်မှုကြောင့် ငလျင် ဘေးဒဏ်ကို ပြင်းပြင်းထန်ထန်ထိခိုက်ခံစားခဲ့ရသည့်ဒေသများအတွက် လူသားချင်းစာနာ ထောက်ထားမှုအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဒုတိယအကြိမ်အဖြစ် အလှူငွေပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ငလျင်ဒဏ်ခံခဲ့ရသည့်ဒေသများတွင် ကူညီကယ်ဆယ် ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မိမိတို့တိုင်းဒေသကြီးရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လျှပ်စစ်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ စေလွှတ်ဆောင်ရွက်ခဲ့ပြီး အဆိုပါအဖွဲ့များအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင် ဂုဏ်ယူပါကြောင်း၊ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ထိခိုက်မှုအနည်းငယ်မျှသာရှိခဲ့ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် မိုးဦးကာလတွင် လေပြင်းတိုက်ခတ်မှုများ၊ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှု အပါအဝင် သဘာဝဘေးဒဏ်များကို နှစ်စဉ်နှစ်တိုင်းခံစားခဲ့ရပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်သည့် တိုင်းဒေသကြီးဖြစ်ရာ ငလျင်ဘေးသင့် ဒေသများအတွက် ဆန်အိတ်များနှင့် အခြားစားသောက် ဖွယ်ရာများလှူဒါန်းလျက် ရှိပြီး ဆက်လက် လှူဒါန်းမည့် အလှူရှင်များအတွက်လည်း အလှူငွေနှင့် ပစ္စည်းများကိုလက်ခံ၍ ဆက်လက်ပေးပို့လှူဒါန်းပေးသွားမှာဖြစ်ပါကြောင်း၊ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအတွက် အလှူငွေများပေးအပ်ခဲ့ကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့တို့မှ ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ အလှူငွေများပေးအပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးမိသားစုက ပေးအပ်သော အလှူငွေများကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် စေတနာရှင်ပြည်သူများက ပေးအပ်သောအလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လည်းကောင်း လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဧရာဝတီ တိုင်းဒေသကြီးအနေဖြင့် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် အလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းပေးလျက်ရှိရာ ပထမအကြိမ်အနေဖြင့် လှူဒါန်းငွေနှင့် ပစ္စည်းတန်ဖိုး ကျပ်(၁၂၀၈.၅၀၅)သန်းလှူဒါန်းခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြစ် လှူဒါန်းငွေနှင့် ပစ္စည်းတန်ဖိုး ကျပ်(၆၂၇.၁၁၃) သန်းကို ပေးအပ်လှူဒါန်းသွားမှာဖြစ်ကြောင်းသိရသည်။

29-May-2025