ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအားဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေး

ပုသိမ် မေ ၂၄

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအားဆေးကုသပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပုသိမ်ဆေးရုံအုပ်ကြီးဦးဆောင်သော ပုသိမ်ဆေးရုံကြီးမှ အထွေထွေ ရောဂါကုသမားတော်ကြီး၊ မျက်စိအထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ နားနှာခေါင်း လည်ချောင်း အထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊အရေပြားရောဂါ အထူးကု ဆရာဝန်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ စိတ်ကျန်းမာရေး အထူးကုဆရာဝန်၊ ဓါတ်မှန်/အာထရာဆောင်း အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသမှု ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ အထူးကုဆရာဝန်ကြီးများမှ ထိုသို့ကုသပေးခဲ့ရာတွင် အထွေထွေရောဂါကုသလူနာ(၁၅၁) ဦး၊ မျက်စိရောဂါကုသလူနာ (၆၆) ဦး၊ အရိုး၊အကြော၊ အဆစ်လူနာ (၄၇) ဦး၊ ခွဲစိတ်လူနာ(၂၈) ဦး၊ ကလေးလူနာ(၃၁) ဦး၊ နား နှာခေါင်းလည်ချောင်း လူနာ (၂၈) ဦး၊ သားဖွားမီးယယ်လူနာ(၁၀) ဦး၊ အရေပြားလူနာ (၃၅) ဦး၊ စိတ်ကျန်းမာရေးလူနာ (၉) ဦး၊ သွားနှင့်ခံတွင်းလူနာ(၄၁) ဦး စုစုပေါင်းလူနာ(၄၄၆) ဦး အား အခမဲ့ကုသပေးခဲ့ကြောင်းနှင့် အသေးစား ခွဲစိတ်မှု (၁) ဦး ပြုလုပ်ခဲ့ပြီး ပုသိမ်ဆေးရုံကြီးသို့ လူနာ (၃၈) ဦး ညွှန်းပို့ခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီး ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအားကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးကာ ဆရာ၊ ဆရာမများအား ကျောင်းနေအရွယ် ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ စဉ်ဆက်မပြတ်တန်းစဉ် ကူးပြောင်းရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများသည် ပုသိမ်မြို့၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ အရှေ့မုခ် ဝိသာခါ ဓမ္မာရုံရှေ့တွင် အင်းတကော်မြို့နယ်နှင့် မှော်ဘီမြို့နယ် သုညတဓမ္မရံသီတရားရိပ်သာမှ ဦးစီးပဓာန နာယက ဆရာလေးခေမာရံသီ ဦးဆောင်သော သီလရှင်ဆရာကြီး၊ ဆရာလေးအပါး(၈၀)ကျော်အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံးခန်းမတွင်ပြုလုပ်သည့် မွေးဖွားမှု၊ သေဆုံးမှုစာရင်းတိုက်ဆိုင် စစ်ဆေးခြင်း ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး“ နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို ယခုနှစ် လကုန်ပိုင်းတွင် ကျင်းပပြုလုပ်နိုင်ရေး ပြင်ဆင် ဆောင်ရွက်ရှိရာ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရှိစေရေးအတွက် လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းအဖွဲ့များဖြင့် စာရင်းကောက်ယူခြင်းများ၊ စာရင်းများ မှန်ကန်စေရေး တိုင်ဆိုင်စစ်ဆေးခြင်းများပြုလုပ်ပြီး စတုတ္ထမူကြမ်းပေးပို့တင်ပြပြီးဖြစ်ပါကြောင်း၊ ပဥ္စမမူကြမ်းပေးပို့နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ စာရင်းဇယားအချက်အလက်များ ပြည့်စုံမှန်စေရေးနှင့် ကွဲလွဲမှုများမရှိစေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန်လိုပါကြောင်း၊ မွေးဖွားမှု၊ သေဆုံးမှုစာရင်း တိုက်ဆိုင်စစ်ဆေးရာတွင် ကိန်းဂဏန်းအချက်အလက်များ၊ လူတစ်ချင်း စီ၏အချက်အလက်များ မှန်ကန်စေရေးအလေးထား ဆောင်ရွက်ရန်လိုပါကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း”ပြောကြားပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျန်းမာရေး ဦးစီးဌာနတို့မှ မွေးဖွားမှု၊ သေဆုံးမှု စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ဆာဗာအတွင်း လူဦးရေဆိုင်ရာအချက်အလက်များအားပြင်ဆင်ဖြည့်သွင်းထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အချက်အလက်များမှန်ကန်စေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။

24-May-2025