ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ပုသိမ် မေ ၁၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဘော်လီဘောအားကစားသမားများအချင်းချင်း ချစ်ကြည် ရင်းနှီးမှု ရရှိစေရန်၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန် ပူးပေါင်းဆောင်ရွက်လာနိုင်စေရန်စသည့် ရည်ရွယ်ချက်များအပြင် တိုင်းဒေသကြီးကိုယ်စားပြုထူးချွန် ထက်မြက်သော မျိုးဆက်သစ်ဘော်လီဘော အားကစားသမားကောင်းများ ပေါ်ထွက်လာရေးနှင့် တိုင်းဒေသကြီး/ပြည်နယ် ဘော်လီဘောပြိုင်ပွဲတွင် အောင်မြင်မှုများရရှိစေရေးအတွက် ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ ခရိုင်၊ မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်လိုပါကြောင်း” တိုက်တွန်းအမှာစကားပြောကြားပြီး ၂၀၂၅ ခုနှစ် ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၈)ခရိုင်အသက် (၂၅)နှစ်နှင့်အောက် အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ” အားဖွင့်လှစ်ပေးသည်။
ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကာ ဘောလုံးများပေးအပ်ခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်တီးဝိုင်းအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြ ပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အဖွင့်ပွဲစဉ်အဖြစ် ပုသိမ်ခရိုင်နှင့် ဟင်္သာတခရိုင် အမျိုးသား ဘော်လီဘောအသင်းတို့၏ ယှဉ်ပြိုင်ကစားကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီေဘာပြိုင်ပွဲကို ယခုလ၁၂ရက်နေ့မှ ၁၆ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။