တိုင်းဒေသကြီးဝန်ကြီးချုပ် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုန်ပုံငွေမှထောက်ပံ့ငွေပေးအပ်ပွဲသို့တက်ရောက်

ပုသိမ် မေ ၁၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာ၊ ဓမ္မသုခကာရီကျောင်းတိုက်တွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုန်ပုံငွေမှထောက်ပံ့ငွေ ပေးအပ်ပွဲသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် နိုင်ငံတော်မှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်းဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများ၏ သားငယ်၊ သမီးငယ်များနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့် လိုအပ်သည်များကို တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဒေသလုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများကလည်း လက်တွဲညီညီပူးပေါင်း ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်နိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့်အခြေအနေများ၊ နယ်မြေဒေသလုံခြုံရေးဆောင်ရွက်ထားမှုများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နေရပ်စွန့်ခွာပြည်သူ(၂၂၄၉) ဦးအတွက် ဆန်နှင့် ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက ထောက်ပံ့ငွေများစနစ်တကျထုတ်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဓမ္မသုခကာရီကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အသောကရာမ မန်ကျည်းကျောင်းတိုက်တွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုန်ပုံငွေမှထောက်ပံ့ငွေပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နေရပ်စွန့်ခွာပြည်သူများအတွက် ကျန်းမာရေးစောင့်ပေးမှုအခြေအနေများ၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်ရောက်နိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် အားပေးစကားများ ပြောကြားခဲ့ပြီး နေရပ်စွန့်ခွာပြည်သူ(၆၉၃) ဦးအတွက် ဆန်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ရှောပြာ-ချောင်းသာလမ်း မူလ(၁၈)ပေအကျယ်မှ (၂၄)ပေအကျယ် ကတ္တရာလမ်းချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ မိုင်တိုင် ၃၄ မိုင်၊ မိုင်တိုင် ၂၈ မိုင်နှင့် မိုင်တိုင် ၂၂မိုင် တို့တွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)က ပုသိမ်-ရှောပြာ-ချောင်းသာလမ်း (၁၈/၀)မိုင်မှ (၃၅/၀)မိုင်အတွင်း (၁၇ မိုင် ၀ ဖာလုံ) ပေ(၄၀) အကျယ် မြေသားတာဘောင်တည်ဆောက်ခြင်း/ လမ်းတာဘောင်ချဲ့ခြင်း၊ (၁၈)ပေ အကျယ်မှ( ၂၄ )ပေ အကျယ် လမ်းချဲ့ခြင်းလုပ်ငန်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း၊ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးအလေးထား ဆောင်ရွက်ရန်၊ မိုးမကျမီ မြေကြီးလုပ်ငန်းများနှင့် လမ်းဘေးရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ပုသိမ်-ရှောပြာ-ချောင်းသာလမ်း (၁၈/၀)မိုင်မှ (၃၅/၀)မိုင်အတွင်း မြေသားလုပ်ငန်း ၉၅ ရာခိုင်နှုန်း၊ လမ်းချဲ့ခြင်းလုပ်ငန်း ၈၅ ရာခိုင်နှုန်း၊ ( ၂၄ )ပေ အကျယ် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ၆၅ ရာခိုင်နှုန်းဆောင်ရွက်ပြီး ဖြစ်ပါသည်။