ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြုလုပ်သည့်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ပုသိမ်            မေ            ၈

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“မြေပြင် ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းမှ ရရှိသည့် စာရင်းအင်း အချက်အလက်များကို e-ID Server အတွင်းမှ အချက်အလက်များနှင့် တိုက်ဆိုင်၊ ပြင်ဆင်၊ ဖြည့်စွက် အတည်ပြုခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိပြီး စာရင်းများ မှန်ကန်ပြည့်စုံစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ လာမည့်ရွေးကောက်ပွဲ ပြုလုပ်ရာတွင် အခြေခံမဲဆန္ဒရှင် စာရင်း မူကြမ်းများ မှန်ကန်စေရေး အသက် ၁၈ နှစ်အထက် လူဦးရေ စာရင်းများကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအဆင့်ဆင့်က စိစစ်အတည်ပြုပြီး ဗဟိုမြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီသို့ ပေးပို့လျက်ရှိရာ စာရင်းများမှန်ကန်စေရေးနှင့် အချိန်မီပေးပို့နိုင်ရေး သက်ဆိုင်ရာကော်မတီအဆင့်ဆင့်မှ စိစစ်ဆောင်ရွက်ကြရန် လိုပါကြောင်း၊  သန်းခေါင်စာရင်းမှရရှိသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များသည် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များတွင် အကျိုးရှိရှိ လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်းပြီးစီးစေရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးတွင် သီးနှံစုံပန်းတိုင် အထွက်နှုန်းရောက်ရှိရေး၊ စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ကြဲခင်းစနစ်များပပျောက်စေရေး၊ တစ်ဧကအထွက်နှုန်းများတိုးတက်စေရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြေဆီလွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)များကိုထည့်သွင်းစိုက်ပျိုးလျက်ရှိပါကြောင်း၊ ယခုနှစ်မတ်လတွင်ကျင်းပခဲ့သည့် တောင်သူလယ်သမားနေ့ ဆွေးနွေးပွဲနှင့် ပေါ်ဆန်းဖိုရမ် ၂၀၂၅ မှ ဆွေးနွေးပွဲရလဒ်များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကြက်၊ ဘဲ၊ ဝက် အစရှိသည့် မွေးမြူရေးလုပ်ငန်းများကိုလည်း ပိုမိုတိုးချဲ့မွေးမြူနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပြီး ကျေးရွာ များတွင် တစ်ပိုင်တစ်နိုင်၊ တစ်အုပ်တစ်မ မွေးမြူနိုင်စေရေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လာမည့်ကျောင်းဖွင့်ရာသီတွင် ကျောင်းနေအရွယ်ကလေး အားလုံးရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးနှင့် စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်းရေး အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းမှုရှိစေရေး၊  အထူးအလေးထားလိုက်နာဆောင်ရွက်သွားကြရန်နှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” အမှာစကားပြောကြားသည်။ ထို့နောက် အစည်းအဝေးသို့  တက်ရောက်လာသူများက သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် တောင်သူအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှု၊ သား၊ ငါးဖူလုံမှု၊ ထုတ်လုပ်တင်ပို့မှုအခြေအနေနှင့် တိုးချဲ့မွေးမြူနိုင်ရေးဆောင်ရွက်ထားရှိမှုများ၊  အင်းလေလံ ရောင်းချမှုနှင့် တရားမဝင်ငါးဖမ်းဆီးမှုများမရှိစေရေး ဆောင်ရွက်ထားရှိမှုများ၊ သီးနှံစိုက်ဧကများ မှန်ကန်မှုရှိစေရေး၊ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်ထားရှိမှု၊ မြေလွတ်မြေရိုင်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ တာတမံပြုပြင်ခြင်းနှင့် ရေကြီးရေလျှံဘေးမှ လျော့ချနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့် စိုက်ပျိုးရေရရှိရေးဆောင်ရွက်ထားရှိမှု၊ ကျေးရွာ မီးလင်းရေး ဆောင်ရွက်ထားရှိမှုများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကြရာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

08-May-2025