တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၏ မြို့ကျက်သရေဆောင် သမိုင်းဝင်ဒီပါရုမ်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တင်ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားတက်ရောက်

ပုသိမ်       မေ      ၆
 
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၏ မြို့ကျက်သရေဆောင် သမိုင်းဝင်ဒီပါရုမ်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်ထီးတော်တင်ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်မင်္ဂလာမဏ္ဍပ်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ ထီးတော်တင်ပူဇော်ပွဲအခမ်းအနားကို နမောတဿ ဗုဒ္ဓဝန္ဒာမြတ်ဂါထာဖြင့် (၃)ကြိမ်သံပြိုင်ရွတ်ဆို၍ ဘုရားကန်တော့ဖွင့်လှစ်ပူဇော်ခဲ့ပြီးနောက် တိုင်းသံဃနာယက ဥက္ကဌ (မူလဒွါရ) ဒီပါရုမ်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကရှစ်ပါးသီလ ခံယူဆောက်တည်၍ ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များထံသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ဆပ်သဖူး၊ ထီးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သက်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်အား ပင့်ဆောင်၍စေတီတော်မြတ်အား လက်ယာရစ် တစ်ပတ်လှည့်လည်ပူဇော်ခဲ့ပြီးနောက် မင်္ဂလာအချိန်တွင် အခမ်းအနားမှူးက “မင်္ဂလာအခါတော်” ဟုကြွေးကြော်သည့်အခါ ဒီပါရုမ်စေတီတော်မြတ်ကြီး တလိုင်းထီးတော် ပထမဘုံအဆင့်၊ ဒုတိယဘုံအဆင့်နှင့် ဆပ်သဖူးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးအမှူးပြုသော ဧည့်ပရိသတ်များက မင်္ဂလာရထားပျံဖြင့် စေတီတော်မြတ်ကြီး အပေါ်သို့ ပင့်ဆောင်တင်လှူ ပူဇော်ခဲ့ကြသည်။ ယင်းနောက် စိန်ဖူးတော် တင်လှူပူဇော်ပြီးသောအခါ အခမ်းအနားမှူး ဦးဆောင်၍ ပရိတ်သတ်အားလုံးက “ ဇိတံမေ အောင်ပြီ အောင်ပြီ အောင်ပြီ” ဟုရွတ်ဆိုကြွေးကြော် ခဲ့ကာ  စိန်ဖူးတော်အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေစင်ရေသန့် သွန်းလောင်းသန့်စင်၍ အမွှေးနံ့သာရည်များ ဖြန်းပက်ပူဇော်ကာ ပန်းလည်တိုင်၌ သာသနာ့အောင်လံတော် လွှင့်တင်ပူဇော်ခဲ့ပြီး  ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးခဲ့သည်။ ဆက်လက်၍ ဩဝါဒဆရာတော်ကြီးများက ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်လှူပူဇော်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဒီပါရုမ်စေတီတော်မြတ်ကြီး၏ စနေထောင့်တွင် ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အမွှေးနံ့သာတိုင်များ ကပ်လှူပူဇော်ခဲ့ကြသည်။
 ထို့နောက် သန္တိသုခငြိမ်းအေးချမ်းသာတန်ဆောင်းတော်ကြီးအတွင်း၌ သမိုင်းဝင်ဒီပါရုမ် စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တင်ရေစက်ချ အလှူတော် မင်္ဂလာ အခမ်းအနားဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များသည် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ မင်္ဂလာရာမကျောင်းတိုက်ဆရာတော်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များသည် အနုမောဒနာတရား နာကြား၍ ကောင်းမှုကုသိုလ်များကို ရေစက်သွန်းချ ဆုတောင်းအမျှပေးဝေခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆို၍ အောင်မြင်ပြီးမြောက်ခဲ့ကာ ရတနာရွှေမိုးငွေမိုးများရွာသွန်းဖြိုးခဲ့သည်။ ယင်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ဇေယျာသီရိသာသနာ့ဗိမာန်တော်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကျုံပျော်မြို့နယ်၊ ထိန်ငူကြီး ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် လမ်းအရှည် (၂၁၀၃)ပေ၊အကျယ်(၁၃.၅)ပေနှင့်ထု(၈)လက်မရှိကြောင်းသိရသည်။ ဆက်လက်၍ ထိန်ငူကျေးရွာ အလယ်တန်းကျောင်းတွင် ဆရာ၊ ဆရာများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျောင်းတက်ရောက်မှု အခြေအနေများ၊ အောင်ချက်မြင့်မားရေးဆိုင်ရာကိစ္စရပ်များဆွေးနွေးပြောကြားခဲ့ပြီး တင်ပြမှုများ အပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းနေအရွယ် ကလေးများအားလုံးကျောင်းတက်ရောက်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးချုပ်နှင့်အဖွဲ့သည် ထိန်ငူကျေးရွာရှိ တောင်သူဦးမြင့်၏ လယ်ဧက(၃)ဧကတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ပွဲအခမ်းအနားသို့ တက်ရောက်၍ တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များ ပေးအပ်ခဲ့ပြီးနောက် ခရိုင်၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ တောင်သူများနှင့်အတူ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိူးစေ့များ စုပေါင်းကြဲပက်ခဲ့ကြပြီး တောင်သူများအား မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိစေရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိုးကျထည့်သွင်း ဆောင်ရွက်နိုင်ရေးနှင့် တောင်သူများ၏ စိုက်ပျိုးရေး လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ များအားမေးမြန်းဆွေးနွေးခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

06-May-2025