ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲအခမ်းအနားတက်ရောက်၊ ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်သည့်တောင်သူများအား မျိုးစပါး၊ ဓာတ်မြေဩဇာပံ့ပိုးပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် မေ ၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့မွန်းလွဲပိုင်းက မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာ၊ တောင်သူဦးညွန့်ဝင်း၏ လယ်ဧက(၅.၇၈)ဧကတွင် ပြုလုပ်သည့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက်သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ အခမ်းအနားသို့တက်ရောက်၍ တောင်သူများနှင့်အတူ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များကြဲပက်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များ ပေးအပ်ခဲ့ပြီးနောက် ခရိုင်၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ တောင်သူများနှင့်အတူ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိူးစေ့များ စုပေါင်းကြဲပက်ခဲ့ကြပြီး တောင်သူများအား မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိစေရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိုးကျထည့်သွင်း ဆောင်ရွက်နိုင်ရေး၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ များအားမေးမြန်းဆွေးနွေးခဲ့ပြီး တောင်သူများ၏တင်ပြချက်များ အပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်၊ ကဉ္စနကျွန်းသာကုမ္ပဏီလိမိတက် ဓနုဖြူလယ်ယာဝန်ဆောင်မှုစင်တာရုံးခန်းတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆မိုးစပါးရာသီ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်သည့်တောင်သူများအား မျိုးစပါး၊ ဓာတ်မြေဩဇာပံ့ပိုးပေးအပ်ပွဲအခမ်းအနားသို့ ဆက်လက်တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုကဲ့သို့ကန်ထရိုက်လယ်ယာစနစ်ဖြင့် ပေးအပ်ရာတွင် မိုးစပါးစိုက်တောင်သူများနှင့် မျိုးစေ့ထုတ်တောင်သူများလည်း ပါဝင်ပါကြောင်းနှင့် တောင်သူများအတွက် ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းရှင်များလည်း များစွာလိုအပ်မည်ဖြစ်ပါကြောင်း၊ တစ်ဧကအထွက်နှုန်းပိုမိုထွက်ရှိရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများဖြင့် အစားထိုးစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး သို့မှသာ ပန်းတိုင်အထွက်နှုန်းသို့ ရောက်ရှိမှာဖြစ်ပါကြောင်း၊ ဓနုဖြူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးသည့်ဒေသဖြစ်ပါကြောင်း၊ စပါးသီးနှံအပြင် ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာ အစရှိသည့် သီးနှံများကိုလည်း အထွက်နှုန်းများတိုးတက်ကာ ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တစ်ဧကအထွက်နှုန်းများတိုးတက်ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ကို အခြေခံဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ရေတော်မိုးတော်စိုက်ဧက ၂၇ သိန်းကျော်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ သွင်းအားစုများ၊ မြေသြဇာများလျော့ချသုံးစွဲနိုင်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးလျက်ရှိပါကြောင်း၊ ယခုနှစ်သည် ကြဲခင်းစနစ်ပပျောက်ရေးအတွက် ဆောင်ရွက်ရမည့်နှစ်ဖြစ်သကဲ့သို့ ယခင်နှစ်မိုးစပါးစိုက်ရာသီတွင် ကြဲခင်းများလျော့နည်းစေရေးအတွက် လက်ဆွဲကောက်စိုက်စက်၊ ကောက်စိုက်စက်၊ စပါးမျိုးစေ့ချကိရိယာ (Drum Seeder)များနှင့် ပျိုးထောင်စိုက်ပျိုးခြင်းများ စိုက်ပျိုးဆောင်ရွက်ခဲ့ပါကြောင်း၊ အထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိရေး၊ ပန်းတိုင်အထွက်နှုန်းများရောက်ရှိစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း၍ စိုက်ပျိုးရေး စံပြတိုင်းဒေသကြီးဖြစ်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ တိုင်းဒေသကြီး၏ သီးထပ်စွမ်းအား သီးနှံစိုက်စွမ်းအားတိုးတက်စေရေးအတွက် တောင်သူကြီးများက တက်ညီလက်ညီဝိုင်းဝန်းပံ့ပိုးပေးကြစေလိုကြောင်းနှင့် တောင်သူကြီးများ၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပါစေကြောင်း” အမှာစကားပြောကြားသည်။ ဆက်လက်၍ ကဉ္စနကျွန်းသာကုမ္ပဏီ Gold Delta Co.,Ltd လီမိတက်၏ ဓနုဖြူအခြေပြု လက်ထောက်အထွေထွေမန်နေဂျာက ကန်ထရိုက်လယ်ယာဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီး၀န်ကြီးချုပ်က တောင်သူများအား မျိုးစပါးနှင့် ဓာတ်မြေဩဇာများပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဒေါဝါးကျေးရွာအုပ်စုတွင် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် မင်းဆယ်ရေတံခါးမှ ဒေါ ဝါးရေတံခါးအထိ ဗောဓိချောင်းပြန်လည်တူးဖော်ရေးလုပ်ငန်း အပိုင်း-၁ အလျား(၅၀၀၀)ပေ၊ မြေကြီးကျင်း(၇၈၂၆)ကျင်း၊ ထိပ်ဝအကျယ်(ပျမ်းမျှ)(၆၀.၀၀)ပေ၊ အောက်ခြေအကျယ်(၄၀.၀၀)ပေ၊ ပျမ်းမျှအမြင့်(၁၀.၀၀)ပေရှိပြီး စိုက်ဧက(၅၀၀၀)ဧကအား အကျိုးပြုမည့် ဗောဓိချောင်းပြန်လည်တူးဖော်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီဌာန တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဗောဓိချောင်းပြန်လည်တူးဖော်တူးပြီးစီးပါက နွေစပါးစိုက်ဧကများ အောင်ရေလုံလောက်စွာရရှိ၍ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ သီးထပ်စွမ်းအား သီးနှံစိုက်စွမ်းအားများတိုးတက်စေရေး၊ ရေအရင်းအမြစ်များကို အကျိုးရှိစွာသုံးစွဲနိုင်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။