ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်စုံအသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် မေ ၂
၂၀၂၅ခု နှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အသင်းများ၊ အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကဏ္ဍများကို အထူးအလေးပေးဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် လူငယ်လူရွယ်များရဲ့စွမ်းအားကို ရယူတည်ဆောက်ရမည်ဖြစ်သည့်အတွက် လူငယ်လူရွယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံရေး၊ ကျန်းမာကြံ့ခိုင်ရေး အထူးလိုအပ်လျက်ရှိပါကြောင်း၊ ယနေကျင်းပြုလုပ်သည့် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကိုလည်း လူငယ်မျိုးဆက်သစ် ဘောလုံးအားကစားသမားများပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဘောလုံးအားကစားကို နိုင်ငံတကာအဆင့်မီတက်လှမ်းနိုင်ရန် ရည်ရွယ်ပြီးရေတို၊ ရေရှည်စီမံကိန်းများချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရေးသည် အဓိကအရေးကြီးဆုံးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင်လည်း ဘောလုံးအဖွဲ့ချုပ်များဖွဲ့စည်းပြီး ဘောလုံးအားကစားတိုးတက်အောင် ဆောင်ရွက်နေသည့် ကာလဖြစ်ပါကြောင်း၊ အားကစားသမားများ၏ လိုအပ်သည့်ထောက်ပံ့မှုများ၊ လေ့ကျင့်မှုများကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ဘောလုံးပြိုင်ပွဲသည် အသက်(၁၈)နှစ်အောက် ဘောလုံးမျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရေး (၈)ခရိုင်အတွင်း၌ရှိသည့် ဘောလုံးအားကစားသမားများ ချစ်ကြည်ရင်းနှီးမှုရှိလာစေရေး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ဘောလုံးအားကစား သမားကောင်းများ ပေါ်ထွက်လာစေရေးကိုရည်ရွယ်ပြီး ကျင်းပပြုလုပ်သည့် ပြိုင်ပွဲဖြစ်သည့်အတွက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများသည် အားကစားသမားကောင်းပီသစွာ ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းလိုပါကြောင်း၊ ပြိုင်ပွဲကို ကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှု ကင်းစွာဖြင့် ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများ ပြိုင်ပွဲဥပဒေများ အတိုင်းတိတိကျကျ ဆုံးဖြတ်ကြီးကြပ်ပေးကြရန်ကိုလည်း ပြောကြားလိုပါကြောင်း၊ အားကစားသမားများအနေဖြင့် ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့ခရိုင်၊ မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဖြစ်အောင်ကြိုးစားဆောင်ရွက်သွားကြရန်” တိုက်တွန်းအမှာစကားပြောကြားပြီး၂ဝ၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ထို့နောက် စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကာ ဘောလုံးများပေးအပ်ခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်တီးဝိုင်းအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြ ပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အဖွင့်ပွဲစဉ်အဖြစ် ပုသိမ်ခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား (၂.၅.၂၀၂၅)ရက်နေ့မှ ( ၁၂.၅.၂၀၂၅) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။