တိုင်းဒေသကြီးဝန်ကြီးချုပ်၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဧပြီ ၂၉
၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်များတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ခရိုင်ပေါင်းစုံလှေလှော်ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး ၊ လူငယ်မျိုးဆက်သစ်လှေလှော် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိရေးနှင့်ခရိုင်အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် လှေလှော်အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်တို့အတွက်ရည်ရွယ်ကျင်းပရခြင်းပဲဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် လှေလှော်အားကစားတွင် ဆုဖလားများရရှိခဲ့သည့် အားကစားနည်း ဖြစ်ပါကြောင်း၊ ယနေ့ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လှေလှော်အားကစားသမားအားလုံးသည် မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်ကြမည့် ခရိုင်အသင်းများ အောင်နိုင်ရေးအတွက် မိမိတို့၏အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ကြရန်၊ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် ပြိုင်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန်၊ ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်း ဥပဒေများကိုလည်း လေးစားလိုက်နာကြရန်၊ ဒိုင်လူကြီးများကလည်း သမာသမတ်ရှိရှိ စည်းမျဉ်း/စည်းကမ်း၊ ဥပဒေနှင့်အညီတရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးကြရန်နှင့် လှေလှော်အားကစားနည်း ဆောင်ပုဒ်ဖြစ်သည့် “ လှေခွက် ချည်းကျန် အလံမလဲ သေသည့်တိုင်အောင် တက်ကိုဆောင်၊ တက်ညီလက်ညီ ရှေ့သို့ချီဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကြိုးစားဆောင်ရွက်သွားကြရန်”တိုက်တွန်းအမှာစကားပြောကြားပြီး ၂၀၂၅ ခုနှစ် ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ လှေလှော်ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပထမနေ့ပွဲစဉ်များ အဖြစ်ကျင်းပသည့် အမျိုးသား(၁၀)တက်မီတာ(၅၀၀)ပြိုင်ပွဲ စံချိန်ယူယှဉ်ပြိုင်ပွဲ၊ အမျိုးသမီး (၁၀) တက် မီတာ(၅၀၀)ပြိုင်ပွဲ စံချိန်ယူယှဉ်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး (၁၀)တက် မီတာ(၅၀၀)ပြိုင်ပွဲ စံချိန်ယူယှဉ်ပြိုင်ပွဲများနှင့် ဗိုလ်လုတက်ရောက်ခဲ့ကြသည့်အသင်းများ၏ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှု များကို ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင် ပေါင်းစုံ လှေလှော်ပြိုင်ပွဲတွင် ကျား(၁၀)တက် မီတာ ၂၀၀ ပြိုင်ပွဲ ၊ မီတာ ၅၀၀ ပြိုင်ပွဲ ၊ မ(၁၀)တက် မီတာ ၂၀၀ပြိုင်ပွဲ၊ မီတာ(၅၀၀)ပြိုင်ပွဲ၊ ကျား+မ မီတာ(၂၀၀) ပြိုင်ပွဲ၊ မီတာ ၅၀၀ ပြိုင်ပွဲ စသည့် ပြိုင်ပွဲ(၆)မျိုးကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး အမျိုးသားတံခွန်စိုက်ဖလား ၊ အမျိုးသမီး တံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလား တို့ကိုလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆင်လမ်းကျေးရွာအုပ်စု၊ တောင်သူဦးသိန်းစိုး၏ လယ်ဧက(၃)ဧကတွင် ပြုလုပ်သည့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရန် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်း ကြဲပက်ပွဲ အခမ်းအနားသို့တက်ရောက်၍ တောင်သူများထံသို့ မျိုးစေ့များပေးအပ်ခဲ့ကာ မြို့နယ် စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ တောင်သူများနှင့်အတူ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိူးစေ့များ စုပေါင်းကြဲပက် ခဲ့ကြပြီး တောင်သူများအား မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိစေရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိုးကျထည့်သွင်း ဆောင်ရွက်နိုင်ရေး၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ များအားမေးမြန်းဆွေးနွေးခဲ့ပြီး တောင်သူများ၏တင်ပြချက်များ အပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ဆင်လမ်းကျေးရွာအုပ်စု၊ တောင်သူ ဦးသိန်းစိုး၏ စိုက်ဧက( ၁.၇၅ )ဧကတွင်ပြုလုပ်သည့် နွေစပါး နယူးဧရာ-၁၁ စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားသို့ တက်ရောက်၍ စပါးရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ အထွက်တိုးမျိုစပါးများပြောင်းလဲစိုက်ပျိုးစေရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေး၊ သီးထပ်စွမ်းအားတိုးတက်စိုက်ပျိုးနိုင်ရေးမှာကြားခဲ့သည်။ အဆိုပါနွေစပါးစံကွက် ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင်ပျမ်းမျှ အစိုအထွက်နှုန်း ၂၃၀ တင်း၊ အခြောက်အထွက်နှုန်း ၂၂၀ တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။