ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်ခရိုင်အတွင်းရှိ ဆီထွက်သီးနှံ(နေကြာ) စံပြကွက်ရိတ်သိမ်းပွဲနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ကြဲပက်ပွဲအခမ်းအနားများတက်ရောက်

ပုသိမ် ဧပြီ ၂၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ အုပ်စု၊ မရမ်းချောင်းကျေးရွာရှိ ကွင်းအမှတ် (၄၈)က၊ ဦးပိုင်အမှတ် ၅၈/၁ တောင်သူဦးမင်းဟိဏ်း၏ ဆီထွက်သီးနှံ(နေကြာ)စိုက်ဧက(၁၀)ဧကတွင်ပြုလုပ်သော ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံ နေကြာ (Super Sun-41) စံကွက်ရိတ်သိမ်းပွဲအခမ်းအနား တက်ရောက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ပြသထားသော နေကြာဆီ၊ နေကြာပျားရည်၊ ဗေဒါမြေဆွေးပုံများနှင့် နေကြာစံကွက်ရိတ်သိမ်းမှု များအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ၂၀၂၅-၂၀၂၆ ဆောင်းရာသီတွင် ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့စိုက်ပျိုးမှုအခြေအနေများ၊ မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ စိုက်ပျိုးမှု အခြေအနေများ၊ နေကြာထွက်ရှိမှုနှင့် နေကြာဆီကြိတ်ခွဲရရှိမှုအခြေအနေများ ဆွေးနွေး ပြောကြားခဲ့ပြီး နေကြာတိုးတက်စိုက်ပျိုးအောင်မြင်အောင်ဆောင်ရွက်စေရေး မှာကြားခဲ့သည်။ အဆိုပါ စံကွက်တွင် ဆောင်းသီးနှံနေကြာ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် အစို အထွက်နှုန်း ၄၆ တင်း၊ အခြောက်အထွက်နှုန်း ၄၅ တင်းနှုန်းထွက်ရှိခဲ့ရာ ယခင်နှစ်ထက် အထွက်နှုန်း တိုးတက် လာခဲ့ကြောင်း သိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ မဒေါ့ကုန်းကျေးရွာတွင် ပြုလုပ်သော ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိူးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိူးခြင်း အခမ်းအနားတက်ရောက်ခဲ့ပြီးတောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိူးစေ့များပေးအပ်ကာ တောင်သူ ဦးကျင်သန်း၏ မိုးစပါးစိုက်ဧက(၁၅)ဧကတွင် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့်အတူ သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) မျိူးစေ့များစုပေါင်းကြဲပက်ခဲ့ကြပြီး တောင်သူများအား မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိစေရေး၊ ဒေသရေမြေနှင့်ကိုက်ညီသည့် အထွက်တိုး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မြေခံစိုက်ပျိုးခြင်းဖြင့် မြေဆီသြဇာ ပိုမိုကောင်းမွန်စေပြီး သွင်းအားစု ဓာတ်မြေသြဇာများလျော့ချသုံးစွဲနိုင်မည်ဖြစ်ကာ ကုန်ကျစရိတ် သက်သာပြီး အထွက်နှုန်းပိုမိုတိုးတက်လာနိုင်မည့်အခြေအနေများ၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိုးကျထည့်သွင်းဆောင်ရွက်နိုင်ရေး၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် သာပေါင်းမြို့နယ် သဲဖြူကျေးရွာတွင် ပြုလုပ်သော သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိူးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိူးခြင်း အခမ်းအနားတက်ရောက်ခဲ့ပြီး တောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိူးစေ့များပေးအပ်ကာ တောင်သူဒေါ်ယဉ်နွဲ့၏ လယ်မြေ(၅)ဧက တွင် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့်အတူ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိူးစေ့များ ကြဲပက်ခဲ့ကြပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်း စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ဆွေးနွေးပြောကြားခဲ့သည်။ ဧရာဝတီ တိုင်းဒေသကြီးတွင် ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်းကျော်အား ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိူးခြင်းများကိုဆောင်ရွက်လျက် ရှိရာ ယနေ့တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာ၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ မအူကုန်ကျေးရွာ၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာတွင်လည်းကောင်း ခရိုင်၊ မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များမှ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိူးစေ့ပေးအပ်ခြင်းနှင့် ကြဲပက် စိုက်ပျိူးခြင်းအား တောင်သူများနှင့်အတူ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

23-Apr-2025