ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း Dip.EP (၁/၂၀၂၅) နှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း PPTT(၁၂/၂၀၂၅) သင်တန်းသားသင်တန်းသူများအား ကြိုဆိုပွဲသို့တက်ရောက်

ပုသိမ် ဧပြီ ၅
ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း Dip.EP(၁/၂၀၂၅)နှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၂/၂၀၂၅) သင်တန်းသားသင်တန်းသူများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင် ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က "ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပညာရေးဒီဂရီ ကောလိပ်(၃)ခုတွင် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း Dip.EP(၁/၂၀၂၅)နှင့် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၂/၂၀၂၅) သင်တန်းများကို ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျေးလက်နေပြည်သူလူထုများပြားသည့် အတွက် လိုအပ်သည့် ပညာရေးနှင့် ကျန်မာရေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဆရာဆရာမများအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးတွင်များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာ သင်တန်း Dip.EP သင်တန်းအား လုပ်ငန်းခွင်အတွင်းရှိ ပညာရေးဒီပလိုမာ မရရှိသေးသည့် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာ အရည်အသွေးပိုမိုပြည့်ဝသည့် ဆရာ၊ ဆရာမများ မွေးထုတ်ပေးရန်၊ အခြေခံပညာကျောင်းများတွင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး သင်ကြားရေး စွမ်းရည်မြင့်မားသော မူလတန်းပြ၊ အလယ်တန်းပြ ဆရာ၊ ဆရာမများ ဖြစ်လာစေရေး လေ့ကျင့်သင်ကြားပေးရန်၊ ဆရာ၊ ဆရာမများ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာရရှိစေရန်နှင့် လုပ်ငန်းခွင် အကြိုမူလတန်းဆရာအတတ်ပညာ သင်တန်း PPTT သင်တန်းအား လုပ်ငန်းခွင်အကြို ဆရာ အတတ်ပညာ အရည်အသွေးမြှင့်တင်ရေးအတွက် ဆရာအတတ်ပညာတက်မြောက်သည့် ဆရာများမွေးထုတ်ရန်၊ သင်ကြားရေးစွမ်းရည်မြင့်မားသော မူလတန်းပြဆရာများ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံ့သားကောင်းများကို ပြုစုပျိုးထောင်ပေး နိုင်ရန်အတွက် ဆရာလုပ်ငန်းတာဝန်များကို တန်ဖိုးထား၍ ဘာသာရပ်ကျွမ်းကျင်ပြီး ဆရာအတတ်ပညာအရည်အသွေးမြင့်မားသည့် အခြေခံပညာ ဆရာများ လေ့ကျင့်သင်တန်းပေးရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အတန်းစဉ်ကူးပြောင်းနိုင်ရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသားနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သည့် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ကျောင်းသားကျောင်းသူများတက်ရောက်သင်ကြားလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းပေါင်း(၇၂၀၀)ကျော် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး အခြေခံပညာကျောင်း ဖွင့်လှစ်မှုအများဆုံး၊ ကျောင်းတက်ရောက်မှုအများဆုံး တိုင်းဒေသကြီးဖြစ်ပါကြောင်းနှင့် နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက်အားကိုးအားထားပြုနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ သင်တန်းသားသင်တန်းသူဆရာ၊ ဆရာမများ အနေဖြင့် သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကိုသိရှိပြီး ပြီးမြောက် အောင်မြင်အောင် သင်တန်းတက်ရောက်ကြရန်၊ အရည်အသွေးပြည့်ဝသည့်ဆရာ ဆရာမများ ဖြစ်စေရေးစဉ်ဆက်မပြတ်လေ့လာသင်ယူကြရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များဖြစ်စေရေး လေ့ကျင့်သင်ကြားပေးကြရန် အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများ အတွက် ချီးမြှင့်ငွေများပေးအပ်ရာ ဘိုကလေးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူခဲ့ပြီး မြို့နယ်အလိုက်တက်ရောက်လာသည့် ဆရာ၊ ဆရာမများမှ မိတ်ဆက်ခဲ့ကြသည်။ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP) အမှတ်စဉ် (၁/၂၀၂၅) သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၇၃၇)ဦးနှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၁၂/၂၀၂၅)တွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၈၆) ဦးတက်ရောက်လျက်ရှိ ကြောင်းသိရသည်။