ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကန်ကြီးထောင့်မြို့၊ မြင်းကဆိပ်ကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်သည့် နွေစပါးစံကွက် ရိတ်သိမ်းခြင်းအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၂.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်အတူ ကန်ကြီးထောင့်မြို့၊ မြင်းကဆိပ်ကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်သည့် နွေစပါးစံကွက် ရိတ်သိမ်းခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တောင်သူ ဦးဒေးဗစ်၏ နွေစပါးစိုက်ခင်း (၁၁.၈၂)ဧကတွင် စံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိုင်းဦးစီးမှူးမှ အဆိုပါ စံကွက်ရိတ်သိမ်းနေမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပါသည်။   ဝန်ကြီးချုပ်မှ တက်ရောက်လာသော တောင်သူများအား မိမိရွာ၊ မိမိမြို့နယ်၊ မိမိတိုင်းနိုင်ငံအတွက် အလုပ်လုပ်ကိုင်ရာတွင် ကြိုးစားဆောင်ရွက်ပေးကြရန်၊ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးကိစ္စနှင့်ပတ်သက်၍ သိရှိလိုသည်များ ရှိပါက သက်ဆိုင်သော ဌာနများအား မေးမြန်းဆောင်ရွက်သွားကြရန်နှင့် တာဝန်ရှိဌာနများမှလည်း ပူးပေါင်းကူညီဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။   ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၄၂၀)ချိန်တွင် ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာ၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကွက်တွင် မြေဆီလွှာအာဟာရဓာတ် စစ်ဆေးခြင်းနှင့် သစ်စိမ်းမြေသြဇာမျိုးစေ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပြီး တောင်သူဦးရွှေပွား၏လယ်မြေ မြေဆီအာဟာရ ဓာတ်ခွဲစစ်ဆေးခြင်း သရုပ်ပြပွဲအား ကြည့်ရှုခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိုင်းဦးစီးမှူးမှ မြေဆီလွှာ အာဟာရဓာတ်စစ်ဆေးခြင်းနှင့်သစ်ဆိမ့်မြေသြဇာမျိုးစေ့ပေးရခြင်း အကြောင်းအား ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ မြေဆီလွှာ အာဟာရ ဓာတ်ခွဲစစ်ဆေးမှု မှတ်တမ်းအား စံပြတောင်သူများကိုယ်စား တောင်သူတစ်ဦးအား ပေးအပ်ကာ တောင်သူများက သိရှိလိုသည်များ မေးမြန်းမှုများကို တာဝန်ရှိသူများမှ ဖြေကြားခဲ့ပါသည်။
30-Apr-2018