ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့နယ်၊ ကျောက်ချောင်းကြီးကျေးရွာ၌ ကျင်းပပြုလုပ်သည့် မြေဆီလွှာအာဟာရဓာတ် စစ်ဆေးခြင်းနှင့် နွေစပါးသက်နု (SIR)စံပြကွက် ရိတ်သိမ်းခြင်း အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၁.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်အတူ ပုသိမ်မြို့နယ်၊ ကျောက်ချောင်းကြီးကျေးရွာ၌ ကျင်းပပြုလုပ်သည့် မြေဆီလွှာအာဟာရဓာတ် စစ်ဆေးခြင်းနှင့် နွေစပါးသက်နု (SIR)စံပြကွက် ရိတ်သိမ်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြေနမူနာယူခြင်း၊ စံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးကာ တိုင်းစိုက်ပျိုးရေးဦးစီးမှူးမှ တိုင်းဒေသကြီးအတွင်း မြေဆီလွှာ ဓာတ်ခွဲစစ်ဆေးနေမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပါသည်။

 

ဝန်ကြီးချုပ်မှ တက်ရောက်လာသော တောင်သူများအား ၂၀၁၈ - ၂၀၁၉ ခုနှစ် နွေရာသီမှစတင်၍ (၂)နှစ်တာကာလအတွင်း မြေဆီလွှာချဉ်ငံဓာတ် (pH)နှင့် အာဟာရဓာတ် တိုင်းတာခြင်းလုပ်ငန်းအား တိုင်းဒေသကြီးရန်ပုံငွေမှကျခံကာ ရေတော်မိုးတော် လယ်ဧက (၂၇)သိန်းကျော်အတွက် မြေနမူနာပေါင်း (၅၄၄၂၇)ကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဧရာဝတီတိုင်းဒေသကြီးအတွက် စီးပွားရေးဖွံ့ဖြိုးမှုကို စိုက်ပျိုးရေးလုပ်ငန်းဖြစ်သော လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့သီးနှံများ တစ်ဧကအထွက်နှုန်း တိုးတက်လာစေရေးနှင့် သီးနှံအရည်အသွေးမြင့်မားလာပါက တောင်သူများ၏ဘ၀တိုးတက်မြင့်မားလာသည့်နည်းတူ ကျန်ပြည်သူပြည်သားများ၏ လူမှုဘဝများလည်း မြင့်မားလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

ထို့နောက် ဝန်ကြီးချုပ်မှ မြေဆီလွှာ အာဟာရဓာတ်ခွဲစစ်ဆေးမှု မှတ်တမ်းများအား ကျောက်ချောင်းကြီးကျေးရွာ တောင်သူတစ်ဦးအား ပေးအပ်ကာ တောင်သူများက သိရှိလိုသည်များ မေးမြန်းမှုများကို တာဝန်ရှိသူ အသီးသီးက ပြန်လည်ဖြေကြားခဲ့ပါသည်။

30-Apr-2018