ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် (၉၈) ကြိမ်မြောက် မြတ်စွာဘုရားအမှူးပြုသော ရဟန္တာမထေရ်အပါး(၅၀၀)တို့အား (၅၀၁)ဆူစတုမဓူ ဆေးဆွမ်းတော်ကပ်လှူပူဇော်

ပုသိမ်      ဇန်နဝါရီ      ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော် မြတ်ကြီးတွင် မြတ်စွာဘုရားရှင်နှင့် ရဟန္တာမထေရ်အပါး(၅၀၀)တို့အား (၅၀၁)ဆူ စတုမဓူ ဆေးဆွမ်းတော်ကပ်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်ဇနီးသည် ဦးမောင်ကြီးအာရုံခံတန်ဆောင်းရှိ ရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ခဲ့ကြသည်။ ယင်းနောက် ပင့်သံဃာဆရာတော်အရှင်သူမြတ်များက ရင်ပြင်တော်ရာဟုထောင့် ဇေတဝန်စံကျောင်းတော် မဏ္ဍပ်တွင် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခဲ့ကြပြီးနောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ရေစက်ချမင်္ဂလာအခမ်းအနားကို ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင် ပြုလုပ်ရာ“နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော် ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊  အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ရှစ်ပါးသီလခံယူ ဆောက်တည်ခဲ့ကြကာ ဆရာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရား တော်များအား ဆက်လက်နာယူ ကြည်ညိုကြခဲ့ပြီးနောက်  ဆရာတော်သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများက စတုမဓူဆေးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက  အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားအား "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

13-Jan-2025