တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် Grade-12 သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲတက်ရောက်
ပုသိမ် ဇန်နဝါရီ ၁၁
၂၀၂၄-၂၀၂၅ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့်Grade-12 သင်ကြားသင်ယူမှု ထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင် ခန်းမတွင်ကျင်းပခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်း ကျောင်းများမှ ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပုသိမ်တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများနှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ဆရာမများတွေ့ဆုံ၍ Grade-12 သင်ကြားသင်ယူမှု ထိရောက်ရေးအတွက် အရည်အသွေးမြှင့်ဆွေးနွေးကြခြင်းဖြစ်ပါကြောင်း၊ ယခုပုသိမ်တက္ကသိုလ်၌ ပြုလုပ်သည့်ဆွေးနွေးပွဲနည်းတူ ဟင်္သာတတက္ကသိုလ်နှင့် မအူပင်တက္ကသိုလ်တို့တွင်လည်း ပြုလုပ် သွားမည်ဖြစ်ပါကြောင်း၊ ယခုပညာသင်နှစ်သည် Grade-12 စနစ်သစ်စာမေးပွဲအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆင့်မြင့်ပညာရပ်များကို စတင်၍ဆည်းပူးနေသည့် နှစ်လည်းဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲသည် Grade-12 တွင်ပညာသင်ကြားနေသည့် မိမိတို့၏ တပည့်များအတွက် သင်ကြားတတ်မြောက်မှု၊ သင်ယူမှုများကိုများစွာအထောက်အကူပြုမည်လည်း ဖြစ်ပါကြောင်း၊ အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို အခြေခံ ပညာအထက်တန်းဆင့် Grade-12(သင်ရိုးသစ်သင်) ဆရာ၊ဆရာမများ မိမိတို့သင်ကြားမည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချနိုင်စေရန်၊ ဆရာ၊ဆရာမများ သင်ကြားရေး အရည်အသွေး မြင့်မားလာစေရန်နှင့် မိမိတို့ကျောင်းတွင် ထိရောက်စွာပြန်လည်သင်ကြားပို့ချ ပေးနိုင်ရန်၊ အခြေခံပညာကဏ္ဍတွင် အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမများ ပေါ်ထွန်း လာစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ Grade-12 စာမေးပွဲတွင် အောင်ချက် မြင့်မားရေးနှင့်ဝိဇ္ဇာဘာသာတွဲသာမက ဝိပ္ပံနှင့်သိပ္ပံဘာသာတွဲများတွင်လည်းထူးချွန်စွာ အောင်မြင် ရေးအတွက် အာရုံစူးစိုက်၍ ကြပ်မတ်သင်ကြားပေးနိုင်ရန် မှာကြားလိုပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ဝတ်စားဆင်ယင်မှုနှင့် ယဉ်ကျေးမှုဓလေ့စရိုက်များကိုလည်း ထိန်းကျောင်းပဲ့ပြင် ရန်လည်းလိုအပ်မည် ဖြစ်ပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများအနေဖြင့် ရရှိသည့်အချိန်များတွင် ဆွေးနွေးမှုများကို အကျိုးရှိစွာ ဆောင်ရွက်သွားရန်လိုပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ များအား ထိရောက်သည့် သင်ကြားမှု၊ သင်ယူမှုများကို ကြိုးစားပြုလုပ်ပေးရန်” အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် Grade-12 သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ခဲ့ပြီး ဆရာ၊ ဆရာမများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။ ၂၀၂၄-၂၀၂၅ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် Grade-12 သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ပုသိမ်တက္ကသိုလ်တွင်သင်တန်းသားဦးရေ(၂၀၁၁)ဦးအား (၁၁-၁-၂၀၂၅)၊ (၁၂-၁-၂၀၂၅)ရက်များနှင့် (၁၈-၁-၂၀၂၅) (၁၉-၁-၂၀၂၅)ရက်များတွင်လည်းကောင်း၊ ဟင်္သာတတက္ကသိုလ်မှာ သင်တန်းသား ဦးရေ(၁၇၄၂)ဦးကို (၂၅-၁-၂၀၂၅မှ၂၈-၁-၂၀၂၅) ရက်နေ့အထိလည်းကောင်း၊ မအူပင်တက္ကသိုလ်မှာ သင်တန်းသားဦးရေ (၁၇၂၇)ဦးကို (၁၁-၁-၂၀၂၅)၊ (၁၂-၁-၂၀၂၅)ရက်များနှင့် (၁၈-၁-၂၀၂၅)၊ (၁၉ -၁ -၂၀၂၅)ရက်များတွင်လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။