(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကျင်းပ
ပုသိမ် ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယနေ့ညပိုင်းကပြုလုပ်ခဲ့ရာ ညစာစားပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ စည်သူ ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆုရရှိသူများ တက်ရောက်ခဲ့ကြသည်။
ဂုဏ်ပြုညစာစားပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများသည် စည်းလုံးညီညွှတ်စွာ အတူတကွ စုပေါင်းနေထိုင်ကြသည့် သမိုင်းကြောင်း အစဉ်အလာကောင်းများ ရှိခဲ့သည့်အပြင် ရှေးပဝေသဏီကပင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ကမ္ဘာ့အလယ်တွင် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဝင့်ထည်စွာရပ်တည်နိုင်ခဲ့ပါကြောင်း၊ သို့ရာတွင် နယ်ချဲ့ဗြိတိသျှတို့၏ မတရားကျူးကျော် သိမ်းပိုက်ခဲ့မှုကြောင့် ၁၈၈၆ ခုနှစ်တွင် လွတ်လပ်ရေးနှင့်အတူ အချုပ်အခြာအာဏာကိုပါ ဆုံးရှုံးခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံသူနိုင်ငံသားများ၏ ကိုယ့်ထီးကိုယ်နန်းကိုတန်ဖိုးထားသည့်စိတ်၊ ဖိနှိပ်ချုပ်ချယ်မှုအပေါ်မခံချင်စိတ်၊ နယ်ချဲ့ဗြိတိသျှနှင့် ဖက်ဆစ်များအပေါ် နာကြည်းစိတ်များကြောင့် ဖြစ်ပေါ်လာသော ပြည်ထောင်စုစိတ်ဓာတ်ကို အကြီးမားဆုံးသော ခွန်အား၊ စွမ်းအားအရှိဆုံး လက်နက်အဖြစ်အသုံးပြုကာ မဆုတ်မနစ်သော ဇွဲလုံ့လတို့ဖြင့် လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့ကြခြင်းကြောင့် ၁၉၄၈-ခုနှစ်၊ ဇန်နဝါရီလ၄ရက်တွင် လွတ်လပ်ရေးနှင့် အချုပ်အခြာပိုင် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်မှာ ယခုအခါ (၇၇)နှစ်တိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ၂၀၂၅-ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် (၅)ရပ်ကို ပြည်ထောင်စုဖွားတိုင်းရင်းသားညီနောင်အားလုံးက လေးနက်စွာခံယူ၍ သမိုင်းအစဉ်အလာကြီးမားသော အမိမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် စစ်မှန်သော မျိုးချစ်စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်များဖြင့် သွေးစည်းညီညွတ်စွာ လက်တွဲပါဝင်၍ လွတ်လပ်ရေး၏ တန်ဖိုးကို သိရှိနားလည်ကြကာ မိမိနိုင်ငံနှင့် မိမိဒေသ ကောင်းကျိုးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုပါကြောင်း”အမှာစကားပြောကြားသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ ပြခန်းပြိုင်ပွဲနှင့်သစ်သီးဝလံပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားထုတ်ကုန်ယှဉ်ပြိုင်မှု အကောင်းဆုံးဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် တက္ကသိုလ်၊ ကောလိပ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့်စာစီစာကုံး၊ မူလတန်းအဆင့်စာစီကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ Green City ဆု၊ Clean City ဆု၊ အထူးဆု ဖွဲ့စည်းပုံ(က)အဆင့်မြို့ဆုနှင့် ဖွဲ့စည်းပုံ (က)အောက်အဆင့်မြို့ဆုများကို စီးပွားရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ပညာအလင်္ကာ တေးဂီတအဖွဲ့မှ လွတ်လပ်ရေးနေ့ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုညစာများကို အတူတကွသုံးဆောင်ခဲ့ကြကြောင်းသိရှိရပါသည်။