ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာ၀တီတိုင်းဒေသကြီးအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စည်းများ၊ ပြည်ပပို့ကုန်(၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲတက်ရောက်
ပုသိမ် ဒီဇင်ဘာ ၁၀
ဧရာ၀တီတိုင်းဒေသကြီးအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန် ပစ္စည်းများ၊ ပြည်ပပို့ကုန် (၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းထုတ်လုပ်တင်ပို့နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းထုတ်ကုန်များအား ပြည်ပသို့ ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေးအတွက် ပြည်ပသို့ ပို့ကုန်များတင်ပို့နေသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ပြည်ပပို့ကုန် များ တိုးမြှင့်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက်ပြီး ထုတ်လုပ်မှုကို မဖြစ်မနေတိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လက်ရှိတင်ပို့နေသည့် ထုတ်ကုန်များ ပိုမိုထွက်ရှိအောင် ပိုမိုတင်ပို့နိုင်အောင် နည်းလမ်းများရှာဖွေဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အနေဖြင့် ဆန်၊ ဆန်ကွဲ၊ ပေါင်းဆန်၊ ငါး၊ ပုစွန်၊ ဂဏန်းများကို ပြည်ပသို့ တင်ပို့လျက်ရှိပါကြောင်း၊ ထုတ်ကုန် ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင် ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ပီလောပီနံလုပ်ငန်း၊ ကြိမ်၊ ဝါး၊ ဗေဒါလက်မှုလုပ်ငန်းများနှင့် MSMEထုတ်ကုန်များကိုလည်း ပိုမိုတိုးချဲ့လုပ်ကိုင်ရန် လိုအပ်ပါကြောင်းနှင့် လယ်ယာထွက်ကုန် ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပပို့ကုန်(၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်း တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွးပေးရန်” အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား စီးပွားရေးရာဝန်ကြီးနှင့်ကဏ္ဍစုံ ပြည်ပသို့ တင်ပို့နေသည့် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များက ဆန်နှင့် ဆန်ကွဲ၊ ပေါင်းဆန် ထုတ်ကုန်များ ထုတ်လုပ်နိုင်မှု၊ ဈေးကွက်ရရှိမှုနှင့် ထုတ်ကုန်ပိုမိုတင်ပို့နိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပေါင်းဆန်ထုတ်လုပ်မှု ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များက ပေါင်းဆန်ထုတ်လုပ်မှု၊ ကုန်ကြမ်းစုဆောင်းထားရှိမှု၊ ဈေးကွက်ရရှိမှုအခြေအနေများ၊ ပဲမျိုးစုံတင်ပို့ရောင်းချမှုအသင်း ဥက္ကဌမှ မတ်ပဲ၊ ပဲတီစိမ်း စသည့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ ဈေးကွက်ရရှိမှုအ ခြေအနေများ၊ အစေ့ထုတ်ပြောင်းအသင်းဥက္ကဌက အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ တင်ပို့ရောင်းချမှု အခြေအနေများ၊ ရေထွက်ကုန်ပစ္စည်း (ငါး၊ ပုစွန်၊ ဂဏန်း) တင်ပို့ရောင်းချမှု ကုမ္ပဏီများက ထုတ်လုပ်နိုင်မှု၊ တင်ပို့ရောင်းချမှု အခြေအနေများ၊ ပီလောပီနံအသင်းဥက္ကဌမှ ပီလောပီနံထုတ်လုပ်တင်ပို့ရောင်းချမှုအခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန် များ နှစ်ဆတိုးတက်ထုတ်လုပ်နိုင်ရေးဆောင်ရွက်မည့်အခြေအနေများအားလည်းကောင်း၊ ARCCI ဥက္ကဌမှ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ နှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေး ပိုမိုစိုက်ပျိုး ထုတ်လုပ် မည့်အခြေအနေများ၊ ကုန်ထုတ်သုတေသန၊ ေဈးကွက်သုတေသန ဆောင်ရွက်နေမှု အခြေအနေ များအားလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ေမွးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးတို့က စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ နှစ်ဆတိုးမြှင့်တင်ပို့ နိုင်ရေး ဆောင်ရွက်နိုင်မည့်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။