ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြပညာရေးဒီဂရီကောလိပ်နှင့် ဘိုကလေးပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားများသို့တက်ရောက်
ပုသိမ် ဒီဇင်ဘာ ၉
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမတွင်ပြုလုပ်သည့် ပထမနှစ် သင်တန်းသား၊ သင်တန်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများက အခမ်းအနားကို “ ပွင့်ဖူးဝေဆာ ကျောင်းတော်သာ” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား သင်တန်းသား၊ သင်တန်းသူများက မြို့နယ်အလိုက် မိတ်ဆက်တင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွက် အားထားရသည့် ဆရာ၊ ဆရာများဖြစ်လာကြမည့် မောင်တို့မယ်တို့အား ရင်းနှီးနွေးထွေးစွာကြိုဆိုခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် မြေခံရေခံကောင်းမွန်ပြီး လူ့စွမ်းအားအရင်းအမြစ်များပေါများကာ ပညာရေးကိုလိုလားသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းမှုများ မကျန်ရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှုများအောက်တွင် ကြီးပြင်းကြရမည့်သူများဖြစ်ပါကြောင်း၊ တပည့်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိများ မြင့်သည်ထက်မြင့်အောင် ပြုစုပျိုးထောင်ပေးကြရမည့်သူများဖြစ်ပါကြောင်း၊ အများအကျိုးအတွက် ကိုယ်ကျိုးမဖက် ဆောင်ရွက်တတ်သူများလည်း ဖြစ်ကြပါကြောင်း၊ မိမိတို့၏ တပည့်များအားသင်ကြားပေးရမည့် ဆရာ၊ ဆရာများသည် ထူးထူးချွန်ချွန်ထက်ထက်မြက်မြက်ဖြစ်အောင် ဦးစွာကြိုးစားသင်ယူလေ့လာကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့်တိုင်းဒေသကြီးအတွက် အားကိုးအားထားပြု နိုင်သည့် ဆရာ၊ ဆရာမများ ဖြစ်စေရေးကြိုးစားကြရန်လိုအပ်သကဲ့သို့ ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်လူရွယ်များဖြစ်အောင် ပြုစုပျိုးထောင်နိုင်ကြသည့် ဆရာ၊ ဆရာမများဖြစ်ကြပါစေကြောင်း” တိုက်တွန်းအမှာစကားပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများ အတွက် ထောက်ပံ့ငွေများပေးအပ်ရာ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ရင်းရင်းနှီးနှီး နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင်ပြုလုပ်သည့် ပထမနှစ် သင်တန်းသား၊ သင်တန်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများက “တို့ကျောင်း တို့ဝန်းကျင်” သီချင်းသီဆို၍ ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မောင်တို့မယ်တို့သည် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြပြီး ဝါသနာကိုအရင်းခံကာ ပညာရေးလမ်းကြောင်းကိုရွေးချယ်ခဲ့သူများဖြစ်ပါကြောင်း၊ လေးနှစ်တာသင်တန်းများပြီးဆုံးသည့်အခါ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန်များထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ကြရမည့် လူငယ်လူရွယ်များကို သင်ကြားပေးကြရမည့်သူများဖြစ်၍ မိမိတို့ကိုယ်တိုင် အရည်အချင်းများပြည့်ဝရန်လိုအပ်ပြီး ကျောင်းတော်ကြီးမှ သင်ကြားပေးသည့် ပညာရပ်များကို နှစ်စမှပင် ကြိုးစားသင်ယူလေ့လာကြရမည်ဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်လူရွယ်များဖြစ်အောင် ပြုစုပျိုးထောင်နိုင်ကြသည့် ဆရာ၊ ဆရာမများဖြစ်ကြပါစေကြောင်း” တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား သင်တန်းသား၊ သင်တန်းသူများက မြို့နယ်အလိုက် မိတ်ဆက်တင်ပြခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အတွက် ထောက်ပံ့ငွေများပေးအပ်ရာ ဘိုကလေး ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။