ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင်ပြုလုပ်သည့် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်

ပုသိမ်        ဒီဇင်ဘာ        ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုလက်ကမ်းကံ့ကော်တန်း”သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က "မောင်တို့မယ်တို့အနေဖြင့် မိမိတို့ ဝါသနာကို အရင်းခံပြီး ပညာရေးလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းကြရတော့မည် ဖြစ်ပါကြောင်း၊ လေးနှစ်သင်တန်းများပြီးဆုံးပါက တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ၏ ရှေ့ဆောင်လမ်းပြများဖြစ်ကြပြီး မိမိတို့၏သွန်သင်ဆုံးမမှုအောက်တွင် ကြီးပြင်းကြရမည့်သူများဖြစ်ပါကြောင်း၊ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဟူသကဲ့သို့ မောင်တို့မယ်တို့အနေဖြင့် ကျောင်းတော်ကြီးမှသင်ကြားပေးသည့် ပညာရပ်များအား ကျောင်းသား၊ ကျောင်းသူများကို စည်းကမ်းနှင့်ပြည့်စုံသည့်သူများဖြစ်အောင် သင်ကြားပြသကြရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာများသည်တပည့်များ၏ အတုယူစရာ စံနမူနာပြများဖြစ်စေရေး ဆရာကျင့်ဝတ်နှင့်အညီ ပြုမူနေထိုင်ကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်နှင့်တိုင်းဒေသကြီးအတွက် အားကိုးအားထားပြုနိုင်သည့် ဆရာ၊ ဆရာမများဖြစ်စေရေးကြိုးစားကြရန်လိုအပ်သကဲ့သို့ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်အောင် ပြုစုပျိုးထောင်နိုင်ကြသည့် ဆရာ့အတတ်ပညာအရည်အချင်းများပြည့်ဝသည့် ဆရာ၊ ဆရာမများ ဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း” တိုက်တွန်းအမှာစကားပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ရာ ပုသိမ်ပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။

ထို့နောက် ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက သင်တန်းဖွင့်လှစ်ရခြင်း အကြောင်း ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှု အားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။ ပုသိမ် ပညာရေးဒီဂရီကောလိပ် (၄)နှစ်သင်တန်းတွင် ပထမနှစ် သင်တန်းသား၊ သင်တန်းသူ (၁၄၀)ဦးတက်ရောက်ပြီး (၄)နှစ်သင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၉၆၄)ဦး တက်ရောက်လျှက်ရှိပါသည်။

06-Dec-2024