ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်
ပုသိမ် ဒီဇင်ဘာ ၃
၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မသန်စွမ်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ၁၉၉၄ ခုနှစ်မှစ၍နှစ်စဉ် ကျင်းပခဲ့ပါကြောင်း၊ ယခုနှစ်အပြည်ပြည်ဆိုင်ရာ မသန်စွမ်း သူများနေ့ဂုဏ်ပြုဆောင်ပုဒ်မှာ “ အနာဂတ်မှာ အားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှုမြှင့်တင်ပေး""Amplifying the leadership of persons with disabilities for an inclusive andsustainable future” ပဲဖြစ်ပါကြောင်း၊ နိုင်ငံအတွင်းဆောင်ရွက်မည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် မသန်စွမ်းသူများအရေး ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်ရန်နှင့် မသန်စွမ်းသူများကိုယ်တိုင်ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရန်၊ မသန်စွမ်းသူများအနေဖြင့်ဆုံးဖြတ်ချက် ချမှတ်နိုင်သည့်ခေါင်းဆောင်မှု အခန်းကဏ္ဍ များတွင်ပါဝင်နိုင်စေရေးနှင့် မသန်စွမ်းသူများ၏ အမြင်နှင့်သဘောထားကိုအလေးထား ဆောင်ရွက် နိုင်ရေး လှုံ့ဆော်လိုက်ခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများကို သိရှိနားလည် စေရေး အသိပညာပေးဆောင်ရွက်သွားရန်နှင့် မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုများကို သိရှိစေရေးနှင့်လက်လှမ်းမီ ရယူအသုံးပြုနိုင်ရေးအတွက်လည်း တာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် နိုင်ငံတော်အစိုးရနှင့်အတူ ကူညီဆောင်ရွက်ပေးကြ သူများ၊ ပူးပေါင်းပါဝင်ပေးကြသော မသန်စွမ်းသူများအား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့် “ အနာဂတ်မှာအားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှုမြှင့်တင်ပေး”နှင့်အညီမသန်စွမ်းသူများကိုယ်တိုင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြ စေလိုကြောင်း” အမှာစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်မှ ပေးပို့သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ သဝဏ်လွှာ Video Clipပြသမှုနှင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသည့် မသန်စွမ်းသူများအရေးနှင့် ပတ်သက်သည့် Video Clip ပြသမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုစာစီစာကုံး ပြိုင်ပွဲ၊ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများ ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆုများချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မသန်စွမ်းသူများအားရင်းနှီးနွေးထွေးစွာနှုတ်ဆက်အားပေး စကားများ ပြောကြားခဲ့သည်။