တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စက္ကူစက်ရုံ(သာပေါင်း)အတွက် ဝါးနှင့်သစ်ပွ ကုန်ကြမ်းရရှိရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်
ပုသိမ် ဒီဇင်ဘာ ၂
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ တိုင်းဧရာဧည့်ရိပ်သာတွင်ပြုလုပ်သည့် စက္ကူစက်ရုံ(သာပေါင်း)အတွက် ဝါးနှင့်သစ်ပွ ကုန်ကြမ်း ရရှိရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က“ တိုင်းဒေသကြီးတွင် ဘဏ္ဍာနှစ်အလိုက် သစ်တောစိုက်ခင်းများ တိုးချဲ့ထူထောင် စိုက်ပျိုး လျက်ရှိပါကြောင်း၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် စီးပွားဖြစ် သစ်တော စိုက်ခင်းများ၊ ဒီရေတောစိုက်ခင်းများကို တိုးချဲ့ထူထောင် စိုက်ပျိုးလျက်ရှိပါကြောင်း၊ စက္ကူစက်ရုံ (သာပေါင်း)အတွက် လိုအပ်သည့် ကုန်ကြမ်းများကို စဉ်ဆက်မပြတ် လုံလောက်စွာရရှိနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပြီး စိုက်ပျိုး ထုတ်လုပ်သူများအတွက် အခွင့်အလမ်းကောင်းများရရှိလာမည်ဖြစ်ပါကြောင်း၊ ဝင်ငွေများ ရရှိလာကာ တိုင်းဒေသကြီး၏ GDP တိုးတက်လာမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း သစ်၊ ဝါးကုန်ကြမ်းများ ပေးသွင်းနိုင်ရေး တိုးချဲ့ စိုက်ပျိုးလိုသည့် သစ်တောစိုက်ခင်းများ အချိန်မီ ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက်လည်း လိုအပ်သည်များကို တင်ပြဆောင်ရွက်ရန်လိုပါကြောင်း၊ ပြည်ပသွင်းကုန်များ အစားထိုးနိုင်ပြီး နိုင်ငံခြားငွေသုံစွဲမှု သက်သာအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် သယံဇာတရေးရာဝန်ကြီးနှင့် စက္ကူစက်ရုံ(သာပေါင်း)စက်ရုံမှူးတို့က သစ်ပွကုန်ကြမ်းလိုအပ်ချက်၊ ကုန်ကြမ်းများဝယ်ယူမှုနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဟင်္သာတခရိုင်နှင့် ပုသိမ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးတို့က သစ်တောစိုက်ခင်းဧရိယာများနှင့် ကုန်ကြမ်းလိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များက ကုန်ကြမ်းတင်သွင်းနိုင်ရေး၊ ဈေးနှုန်းနှင့် လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။