တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ များနှင့် လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ကျင်းပ ကြပြီး ယခုကဲ့သို့ကျင်းပရသည့် ရည်ရွယ်ချက်မှာ ပြည်သူ့ကျန်းမာရေး၀န်ထမ်းများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အိပ်ချ်အိုင်ဗွီပိုးရှိသူများအပါအ၀င် ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွသည့် စိတ်ဓါတ်များနှင့် ပူးပေါင်းပါ၀င်ပြီး ခုခံအား ကျဆင်းမှုကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွား သည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါသည် ပြည်သူလူထု တစ်ရပ်လုံးကြားတွင် တစ်ပြေးညီကူးစက်ခံနေရခြင်းမဟုတ်ဘဲ ကူးစက်ရန်အန္တရာယ်များသည့် လူအုပ်စုများဖြစ်သည့် မူးယစ်ဆေးအကြောထဲထိုးသွင်းသူများ၊ အမျိုးသားချင်း ချစ်ခင်စုံမက်သူများ၊ အမျိုးသမီးလိင်အလုပ်သမများတွင်အဖြစ်များကြောင်း အိပ်ချ်အိုင်ဗွီကူးစက်ဖြစ်ပွားမှုအခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်းစစ်တမ်းများအရ တွေ့ရှိပါ ကြောင်း၊ ယခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ် ဖြစ်သည့် "Take the rights path" “အေအိုင်ဒီအက်စ်ကင်းဝေးဖို့၊ သာတူညီမျှအလေးပေးလို့၊ အားလုံး ဝိုင်းဝန်းပံ့ပိုးစို့” ဆိုသည့်အတိုင်း အိပ်ချ်အိုင်ဗွီကာကွယ်ရေးလုပ်ငန်းများကို လက်လှမ်းမီရန် ခက်ခဲသော ဦးတည်အုပ်စုဝင်များအပါအဝင် အိပ်ချ်အိုင်ဗွီ ကာကွယ်ကုသရေး ဝန်ဆောင်မှုများကို လူတိုင်း သာတူညီမျှလက်လှမ်းမီရရှိရန်အတွက် ဦးတည်အုပ်စုဝင်များ၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများ အပါအဝင် အားလုံးပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများ အားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အဓိကရည်မှန်းချက်များဖြစ်သည့် အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု အသစ်မရှိစေရေး၊ အိပ်ချ်အိုင်ဗွီ ပိုးရှိသူများ၊ ဝေဒနာရှင်များအား ခွဲခြားနှိမ့်ချမှုကင်းစင်ရေး၊ လိုအပ်သော ဆေးကုသမှုပြုစုကုသစောင့်ရှောက်မှုများ လက်လှမ်းမီ ရရှိကာ သေဆုံးမှုများလျှော့ချရေးစသည့် ရည်မှန်းချက်များပြည့်မီ ပြီးအိပ်ချ်အိုင်ဗွီပိုးကူးစက်မှု ကင်းဝေးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း” အမှာစကားပြောကြားခဲ့ပြီး ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက် ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများချီးမြှင့်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

02-Dec-2024