တိုင်းဒေသကြီးဝန်ကြီးချုပ် ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာရှိ ထူးထက်ဟန် ကုမ္ပဏီ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းသို့သွားရောက်ကြည့်ရှုစစ်ဆေး၊ ဘဲ​မွေးမြူ​ရေးခြံများနှင့် ကြက်​မွေးမြူ​ရေးခြံများသို့သွားရောက်ကြည့်ရှုစစ်ဆေး

ပုသိမ် ဒီဇင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မအူပင်ခရိူင်၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာရှိ ထူးထက်ဟန် ကုမ္ပဏီ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အလုံပိတ်လေအေးပေးစနစ်ဖြင့် မွေးမြူထားရှိမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု၊ လက်ရှိလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု၊ တရားဝင်သတ်မှတ်ထားသည့် ဆေးစစ်ချက်ဖြင့်ရောင်းချမှု၊ ဝက်မွေးမြူထုတ်လုပ်မှုမှတ်တမ်းနှင့် ကုန်ကျစရိတ်များ၊ လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ဝက်မွေးမြူရေးခြံ၏လက်ရှိအခြေအနေ၊ ရောဂါပိုးမွှားထိန်းချုပ်ကာကွယ်ရေးအစီအမံများ၊ အကန့်များခွဲ၍ တည်ဆောက်ထားသည့် ဝက်ခြံအတွင်း ဝက်များစနစ်တကျမွေးမြူထားရှိမှုများနှင့် ကုန်ချောထုတ်လုပ်မှုမှတ်တမ်းများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သဘာဝမြေဩဇာဖြင့်စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက် စိုက်ခင်းနှင့် အသားတိုးဝက်မွေးမြူထားရှိမှုများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး မွေးမြူရေးလုပ်ငန်းများစနစ်တကျဆောင်ရွက်ရန်၊ စားသုံးသူများထံသို့​စျေးနှုန်းသက်သာစွာဖြင့်​ရောင်းချ​ပေးနိုင်​ရေး ​ဆောင်ရွက်ရန်၊ တိုးချဲ့မွေူးမြူရန်နှင့် ပြည်တွင်းပြည်ပဈေးကွက်များသို့တိုးချဲ့နိုင်ရေးဆောင်ရွက်ရန်၊ ဇီဝလုံခြုံရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှု ကုန်ကျစရိတ်လျော့ချနိုင်ရေးအတွက် နည်းလမ်းများရှာဖွေဆောင်ရွက်ရန်နှင့် စွန့်ပစ်အညစ်အကြေးများအသုံးပြု၍ သဘာဝမြေဩစာထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ထူးထက်ဟန် ကုမ္ပဏီ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းကို ၇. ၃. ၂၀၂၂ ခုနှစ်တွင် ဝက်ခြံ (၄)ခြံ၊ အကောင်ရေ (၂၆၀၀)ဖြင့် စတင်မွေးမြူခဲ့ကာ ၁၉.၁၀.၂၀၂၄ ခုနှစ်ထိ ဝက်ခြံ (၈)ခြံ၊ အကောင်ရေ (၂၀၈၀၀) အား အသုတ်လိုက် တိုးချဲ့မွေးမြူနိုင်ခဲ့ပြီး ကုန်ထုတ်လုပ်မှုပိသာချိန် စုစုပေါင်း (၁၂၆၃၇၈၅)ပိသာ ထုတ်လုပ်နိုင်ခဲ့ပါသည်။ (၁၇.၆.၂၀၂၄)ခုနှစ်တွင် ဝက်ခြံ (၁၂) ခြံ အကောင်ရေ (၇၈၀၀) ထပ်မံတိုးချဲ့မွေးမြူနိုင်ခဲ့ပြီး ကုန်ထုတ်လုပ်မှုပိသာချိန် (၄၈၀၀၀၀) ခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းသိရှိရပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကျုံကြီးကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာရှိ ဦးခင်အောင်၏ ဘဲမွေးမြူရေးခြံသို့ သွာရောက်၍ ဘဲမွေးမြူနေမှုအခြေအနေများ၊ ဘဲသား​​ပေါက်များ ​မွေးမြူထားရှိမှုများ၊ ပျမ်းမျှဥနှုန်း၊ ဘဲဥဖြန့်ဖြူးနေမှုအခြေအနေများ၊ အစာ​ကျွေး​မွေးမှု၊ အစာ​စျေးနှုန်းသက်သာ​အောင် ​ဆောင်ရွက်နိုင်​ရေးနှင့် ဘဲဥများဈေးကွက်အတွင်း တင်ပို့ရောင်းချမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးပြီး ဈေးကွက်သို့ပိုမိုတင်ပို့ရောင်းချနိုင်ရေးနှင့် အကောင်ရေးတိုးချဲ့မွေးမြူနိုင်ရေး၊ ပြည်သူများထံသက်သာသော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးတို့ကို တာဝန်ရှိသူများအားမှာကြားခဲ့သည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ရွာသာယာ ကျေးရွာရှိ ဦးဇင်အောင်၏ ဥစားကြက်ခြံနှင့် အသားတိုးဝက်ခြံသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစာကုန်ကြမ်းလိုအပ်ချက်များ၊ တိုင်း​ဒေသကြီးအတွင်းမှ အစာကုန်ကြမ်းရရှိမှု၊ ပြင်ပမှတင်သွင်းရမှုအ​ခြေအ​နေများအား ​မေးမြန်းခဲ့ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်များလျော့ချနိုင်ရေးဆောင်ရွက်ရန်၊ စားသုံးသူများထံသို့ သက်သာသော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး၊ ဇီဝလုံခြုံရေးလုပ်ငန်းများအလေးထားဆောင်ရွက်ရန်နှင့် စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေဩဇာအဖြစ်ပြန်လည်အသုံးပြု နိုင်စေရေးတို့ကို မှာကြားခဲ့သည်။ ဧရာ၀တီတိုင်းဒေသကြီးတွင် စီးပွားဖြစ် ဥစားကြက်ကောင်ရေ (၂၆)သိန်းကျော် နှင့် စီးပွားဖြစ် ဥစားဘဲကောင်ရေ (၄) သိန်းခန့် မွေးမြူထားရှိပြီး တစ်ရက်လျှင် ကြက်ဥလုံးရေ (၁၃) သိန်းကျော် နှင့် ဘဲဥလုံးရေ (၁) သိန်းခန့် ထုတ်လုပ်လျက်ရှိကာ တိုင်းပြင်ပသို့ ကြက်ဥလုံးရေ (၃) သိန်းခန့်နှင့် ဘဲဥလုံးရေ(၇) ထောင်ခန့် ေန့စဥ်တင်ပို့လျက်ရှိေကြာင်း သိရှိရပါသည်။

01-Dec-2024