ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများတွင်လည်း တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများစုပေါင်း၍ အိမ်၊ လမ်း၊ ရွာ၊ ကျောင်းသန့်ရှင်းစေရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေး
ပုသိမ် နိုဝင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်း က တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်ဝန်းအတွင်းရှိ နန္ဒဆောင်၊ တေဇဆောင်၊ နွယ်သာကီဆောင်တို့တွင် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး သန့်ရှင်းရေး လုပ်ငန်းများအား အပတ်စဉ်သာမကနေ့စဉ်ဆောင်ရွက်ကြရန်၊ ရေစီးရေလာကောင်းမွန်စေရေး၊ ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းရေး၊ ပြည်သူလူထု အပန်းဖြေနေရာများ၊ ပန်းခြံများ သန့်ရှင်းသပ်မှုရှိစေရေး၊ ပန်းပေါင်းဝေဆာပြီး မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပရေး၊ အမှိုက်များအားစနစ်တကျစွန့်ပစ်စေရေးနှင့် ပြည်သူများပူးပေါင်း ပါဝင်စေရေးမှာကြားခဲ့ပြီး တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်အဆောင်နေ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အဆောင်နေကျောင်းသား၊ ကျောင်းသူများ နေထိုင်မှု၊ စားသောက်မှုများ အဆင်ပြေစေရေး၊ တက္ကသိုလ်ပရဝဏ်အတွင်း သန့်ရှင်းသာယာလှပရေး၊ အဆောင်အလိုက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ စာပေ၊ အနုပညာ၊ အားကစားကဏ္ဍများတွင်စိတ်ပါဝင်စားစွာ ဆောင်ရွက်ရေး အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ပုသိမ်မြို့နယ်အတွင်း အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများတွင်လည်း တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများစုပေါင်း၍ အိမ်၊ လမ်း၊ ရွာ၊ ကျောင်းသန့်ရှင်းစေရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရသည်။