တိုင်းဒေသကြီးဝန်ကြီးချုပ် (၃၇)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်

ပုသိမ်  နိုဝင်ဘာ  ၁၅

ပုသိမ်မြို့၏ကျက်သရေဆောင်  ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၌ (၃၇)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကို စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးတန်ဆောင်းတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်၍ တာဝန်ရှိသူများက အေးငြိမ်းချမ်းသာဗုဒ္ဓရုပ်ပွားတော်မြတ်အား မသိုးသင်္ကန်းတော်ဆက်ကပ်လှူဒါန်းခဲ့ပြီး‌နောက် ဆရာတော်ကြီးများအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ရေစက်ချမင်္ဂလာအခမ်းအနား ဆက်လက်ကျင်းပရာ ဆရာတော်ကြီးများဦးဆောင်ပြီး ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိ စာသင်တိုက်၏ ပဓာနနာယဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  မဟာထေရ်မြတ်ထံမှ  ကိုးပါးသီလခံယူဆောက်တည်ကြပြီးနောက် ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ ဆက်လက်နာယူကြည်ညိုကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက်  တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ (၃၇)ကြိမ်မြောက်၊ မသိုးသင်္ကန်းရက်ခတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဇီဇဝါရက်ကန်းစင်တော်၊ ဒုတိယဆုရရှိသည့်ကံကော်ရက်ကန်းစင်တော်နှင့် တတိယဆုရရှိသော ပိတောက်ရက်ကန်းစင်တော်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့် ရက်ကန်းစင်တော်များကို တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

15-Nov-2024