ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၇)ကြိမ်မြောက် မသိုးသင်္ကန်းရက်ခတ်ယှဉ်ပြိုင်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်
ပုသိမ် နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၇)ကြိမ်မြောက် မသိုးသင်္ကန်းရက်ခတ် ယှဉ်ပြိုင်ပွဲအခမ်းအနားအား ယနေ့ညနေပိုင်းက ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် မသိုးသင်္ကန်း ရက်ခတ်ယှဉ်ပြိုင်မည့် ရက်ကန်းပညာရှင် ပြိုင်ပွဲဝင်များတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ဦးမောင်ကြီးတန်ဆောင်းတွင် ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ပူဇော်ကာ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးအား လှညိ့လည်ဖူးမျှော်ကြည်ညို၍ မသိုးသင်္ကန်းယှဉ်ပြိုင်ရက်ခတ်မည့် ယာယီမဏ္ဍပ်သို့ ရောက်ရှိပြီးနောက် ရွှေမုဋ္ဌောမဟာစေတီတော် မြတ်ကြီး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အလှည့်ကျသဘာပတိက မသိုးသင်္ကန်းဆိုင်ရာများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ယှဉ်ပြိုင်ရက်ခတ်ကြမည့် ရက်ကန်းပညာရှင်များက သတ်မှတ်စင်တော်များ၌နေရာယူကြကာ မသိုးသင်္ကန်းရက်ကန်းပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများအား ဒိုင်အဖွဲ့ဝင်တစ်ဦးက ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မင်္ဂလာအချိန်တွင် မင်္ဂလာအောင်မောင်း တီး၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိများက မသိုးသင်္ကန်းယှဉ်ပြိုင် ရက်ခတ်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၇)ကြိမ်မြောက် မသိုးသင်္ကန်းရက်ခတ်ယှဉ်ပြိုင်ပွဲတွင် ပိတောက်စင်တော်၊ ဇလပ် စင်တော်၊ကံ့ေကာ်စင်တော်၊ ဒေါနစင်တော် နှင်းဆီစင်တော် ဇီဇဝါစင်တော်၊ ခတ္တာစင်တော်၊ အင်ကြင်းစင်တော်၊ စံပယ်စင်တော်စသည့် ရက်ကန်းစင်တော်(၉)စင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဘုရားဖူးလာရောက်ကြသူများ မသိုးသင်္ကန်းယှဥ်ပြိုင်ရက်ခတ်မှုများအား လာရောက်ကြည့်ရှု လေ့လာသူများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။