ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ချောင်းသာကမ်းခြေသို့ သွားရောက်လည်ပတ်၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် သစ်ပင်စိုက်ပျိုး

ပုသိမ် နိုဝင်ဘာ ၁၄ 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲသည် ယနေ့ညနေပိုင်းတွင် ေချာင်းသာမြို့သို့ ရောက်ရှိ ကြရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ညပိုင်းတွင် H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲအား ချောင်းသာမြို့ AZURA ဟိုတယ်၌ ညစာဖြင့်တည်ခင်းဧည့်ခံခဲ့ကြသည်။

ဦးစွာ ဂုဏ်ပြုညစာစားပွဲပြုလုပ်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ကိုယ်စားလှယ်အဖွဲ့အားလုံးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရကိုယ်စား နွေးထွေးလှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ယခုခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းတစ်လျှောက်တွင် သိသာထင်ရှားအရေးပါပြီး နှစ်နိုင်ငံ၏ ရှိရင်းစွဲဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် အပြန်အလှန် နားလည်ပေါင်းစည်းမှုများကို ပိုမိုတိုးတက်ခိုင်မာစေမည့် ခရီးစဉ်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကဆောင်ရွက်ပြီး ဆန်နဲ့သားငါးကဏ္ဍဖွံ့ဖြိုးဖူလုံမှုရှိတဲ့ တိုင်းဒေသကြီးတစ်ခုလည်းဖြစ်ကြောင်း၊ ရှေးဟောင်း အဆောက်အဦများ၊ တန်ခိုးကြီးဘုရားစေတီများအပါအဝင် ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာ နယ်မြေတစ်ခုလည်းဖြစ်ပြီး ရေလမ်း၊ ကုန်းလမ်းအပါအဝင် လေကြောင်းဆက်သွယ်ရေးများနှင့် အချိန်ရာသီမရွေး သွားလာနိုင်သော တိုင်းဒေသကြီးလည်းဖြစ်ကြောင်း၊ လှပပြီးသာယာတဲ့ ပင်လယ် ကမ်းခြေဒေသများလည်းရှိကာ နှစ်စဉ်ပြည်တွင်းပြည်ပခရီးသွားဧည့်သည် (၁၆) သိန်းကျော် လာရောက် လည်ပတ်လျက်ရှိကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အမျှော်အမြင်ရှိမှုနှင့် ပူးတွဲအားထုတ်မှု များကြောင့် မြန်မာ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုများသည် ယနေ့မျက်မှောက် အချိန်တွင် ခိုင်မာမှုအားအကောင်းဆုံး အခြေအနေရောက်ရှိနေပြီဖြစ်ကြောင်း နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov က ယခုလိုနွေးထွေးစွာ ကြိုဆိုသည့်အတွက် လွန်စွာကျေးဇူးတင်ရှိကြောင်း၊ မိမိအနေဖြင့် တခြားနိုင်ငံများသို့ ရောက်ဖူးသော်လည်း မြန်မာနိုင်ငံသည် အလွန်ဧည့်ဝတ်ကျေစွာ ကြိုဆိုကြသဖြင့် ဝမ်းမြောက်မိပါကြောင်း၊ရှရှား-မြန်မာဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာလာပြီး ရှေ့ဆက် အတူတကွပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲတို့သည် ဖျော်ဖြေရေး အစီအစဉ်များအားကြည့်ရှုအားပေးခဲ့ပြီး ညစာများအတူတကွသုံးဆောင်ခဲ့ကြသည်။ 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရား ပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းက ချောင်းသာကမ်းခြေတစ်လျောက် လမ်းလျှောက်အပမ်းဖြေခြင်း၊ ရေကူးခြင်းများေဆာင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ချောင်းသာမြို့အဝင် လမ်းမကြီး ဘေးတွင် ကျင်းပပြုလုပ်သော ရုရှား-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်သစ်ပင် စိုက်ပျိုးပွဲသို့ တက်ရောက်ခဲ့ပြီး အထိမ်းအမှတ် သစ်ပင်(ခရေပင်)ကို စိုက်ပျိုးခဲ့သည်။ ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရား ပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ပုသိမ်မြို့သို့ ပြန်လည်ထွက်ခွာ လာခဲ့ကြပြီး ပုသိမ်လေဆိပ်မှရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျောင်းသားကျောင်းသူများနှင့် တာဝန်ရှိသူများမှ နှုတ်ဆက်ပို့ဆောင်ခဲ့ကြ ကြောင်းသိရသည်။

14-Nov-2024