တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၁)သင်တန်း ဆင်းပွဲအခမ်းအနားတက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၃ 

ပညာရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade-11 နှင့်  Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၁) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နေ့လည်ပိုင်း၌ ပုသိမ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သည် တာဝန်ရှိသူများနှင့်အတူ  တက်ရောက် အားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က Grade-12 Grade-11 တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူများအား ဥပဒေပညာသင်ကြားပေးရေးနှင့် အခြေခံပညာကျောင်းများတွင် တစ်ပတ်လျှင် (၁)ချိန်နှုန်းဖြင့် စာသင်နှစ် တစ်နှစ်တွင်(၂၄)ချိန် ပို့ချနိုင်ရန်အတွက် ပုသိမ်ခရိုင်မှ အထက်တန်း အဆင့်သင် ဆရာ၊ ဆရာမ(၁၅၀)ဦးတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီး၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ၊ မူယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေများကို သိရှိ နားလည်စေရန် တိုင်း၊ ခရိုင် ဥပဒေအရာရှိ (၁၅)ဦးတို့မှ ပို့ချဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်း တက်ရောက်ကြသော ဆရာ၊ ဆရာမများမှလည်း ဥပဒေအသိပညာဗဟုသုတများပို့ချဆွေးနွေးမှုများကို စိတ်ပါဝင်စားစွာလေ့လာသင်ယူပြီး မိမိတို့တာဝန်ထမ်းဆောင်ရာဒေသ၊ ကျောင်းအသီးသီးတွင် ဥပဒေပညာရပ်များကို ဆင့်ပွားသင်ကြားပေးကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲ စုစုပေါင်း ကျောင်း(၈၈၀)မှ အထက်တန်းအဆင့်သင် ဆရာ၊ ဆရာမ(၈၈၀)ဦး ရှိရာ ပထမအကြိမ် အမှတ်စဉ်(၁) သင်တန်းတွင် ပုသိမ်ခရိုင်မှ ဆရာ၊ ဆရာမ (၁၅၀)ဦး သင်တန်းဖွင့်လှစ်ခဲ့ပြီး ကျန်(၇)ခရိုင်များမှ ဆရာ၊ ဆရာမ (၇၃၀)ဦးကို ဆက်လက် သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသော နိုင်ငံတော် တည်ဆောက်နိုင်ရန် ဥပဒေကို လူတိုင်းသိရှိလိုက်နာရမည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များ ရရှိနိုင်ရေးအတွက် ဆရာ၊ ဆရာမများမှ သင်ကြားပေးရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်မှတ်ယူကာ တစ်ဦးတစ်ယောက်ချင်းစီ လိုက်နာခံယူကျင့်သုံးနိုင်ရေး အတွက် ဆရာ၊ ဆရာမများက နည်းပေးလမ်းညွှန်သင်ကြား ဆုံးမပေးရမည်ဖြစ်ကြောင်း၊ အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များနေဖြင့် အနာဂတ်ကာလတွင် ကောင်းမွန်သည့် အတွေးအခေါ်များ ရှင်သန်ပေါက်ဖွားလာစေရေး၊ ဗလငါးတန်နှင့်ပြည့်ဝသော လူသားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေး ၊ အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်မှုနှင့် ပင်ကိုယ်အရည်အသွေး စွမ်းရည်များ ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ရှင်သန် အားကောင်းနေစေရေးအတွက် ဥပဒေအသိ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အတွက် အရည်အသွေးပြည့်ဝသည့် ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ် ကောင်းများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း သင်ယူပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ် များ ပေးအပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးနဲ့ တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ ပူးပေါင်းကာ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၁)ကို  နိုဝင်ဘာလ(၄)ရက်နေ့ မှ (၁၃)ရက်နေ့အထိ (၁၀)ရက်ကြာ သင်တန်းပို့ချဆွေးနွေးခဲ့ကြောင်းသိရသည်။

13-Nov-2024