ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ပုသိမ်     နိုဝင်ဘာ     ၁၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် စုဒ္ဒသမအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့်ပုသိမ်လေတပ် စခန်းဌာနချုပ်မှတာဝန်ရှိသူများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားအား “နမောတဿ” (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ) မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ 

ဆက်လက်၍ ကထိန်မည်ပုံ၊ ကထိန်ခင်းခြင်းနှင့် စပ်လျဉ်းသည့် အမေး(ကထိနပုစ္ဆာ)ကို မိဂဒါဝုန်ကျောင်းတိုက် တိုက်အုပ်တိုက်ကြပ်ဆရာတော် ဘဒ္ဒန္တအရိယာအရှင်သူမြတ်ကမေး၍ (ကထိန ဝိသဇ္ဇနာ) ကထိန်ခင်းခြင်းအဖြေကို ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဇောတိဿရ MA.Ph.D (India)အရှင်သူမြတ်မှ ဖြေကြားတော်မူသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင် ပုရိမဝါဆိုဝါကပ်၍ ပုရိမဝါမှထတော်မူကြသည့် သံဃာတော်များကိုယ်စား  ညောင်ပင်သာကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံ ကထိန်လျာဉတ်သင်္ကန်းနှင့် အခြံအရံလှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ ပင့်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများကိုလည်းကောင်း၊ သီလရှင်ဆရာကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း  အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရွှေမစိုးရိမ် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇယ (မဟာဂန္ထဝါစကပဏ္ဏိတ) အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ယင်းနောက်  အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကာ ရတနာရွှေမိုး ငွေမိုးများရွာသွန်းဖြိုးခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းသည့် ပဒေသာပင် (၈၂) ခုရှိပြီး ပစ္စည်းတန်ဖိုး (၁၈၀)သိန်းကျော်နှင့် ငွေသားတန်ဖိုး (၃၂၀)သိန်းကျော် စုစုပေါင်းတန်ဖိုး ကျပ်သိန်း (၅၀၀) ကို စုပေါင်းလှူဒါန်းခဲ့ကြောင်းသိရှိရသည်။

13-Nov-2024