တိုင်းဒေသကြီးဝန်ကြီးချုပ် ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်နေသည့် အားကစားအဖွဲ့အားတွေ့ဆုံအားပေး
ပုသိမ် နိုဝင်ဘာ ၁
ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ စခန်းသွင်းလေ့ကျင့်နေသည့် အားကစားအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းသို့ သွားရောက်၍ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်နေသည့် ပြေးခုန်ပစ်အဖွဲ့၊ ဖူဆယ်(အမျိုးသမီး)၊ ဘိလိယက်၊ ခရစ်ကတ်၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဘောလုံးအားကစားအဖွဲ့အား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် နည်းပြများက ပြေးခုန်ပစ်အဖွဲ့၏ စံချိန်ရလဒ်များနှင့် အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြေးခုန်ပစ်အဖွဲ့အနေဖြင့် စံချိန်ကောင်းများရရှိအောင် ကြိုးစားလေ့ကျင့်ရန်လိုပါကြောင်းနှင့် အမျိုးသားအားကစားပွဲတော်တွင် တိုင်းဒေသကြီးမှယခင်တင်ထားသည့် စံချိန်ကိုချိုးနိုင်အောင် လေ့ကျင့်ရမည်ဖြစ်ပါကြောင်း၊ အားကစားနည်းများအလိုက် အောင်မြင်မှုရရှိရန် ပြိုင်ပွဲဝင်များအနေဖြင့် နည်းပြများ၏ သင်ကြားပြသမှုများကို အလေးလိုက်နာဆောင်ရွက်ရန်လိုပါကြောင်း၊ ကျန်းမာရေးအား ဂရုပြုနေထိုင်ရန်နှင့် ကျန်းမာရေးအတွက် အထောက်အကူပြုမည့် စားသောက်ဖွယ်ရာများကိုလည်း သင့်တင့်မျှတစွာ စားသုံးရန်လိုအပ်မည်ဖြစ်ပါကြောင်းနှင့် အချိန်ကာလအားဖြင့် အမျိုးသားအားကစားပွဲတော်ကျင်းပရန် နီးကပ်လာပြီဖြစ်ပြီး စုဖွဲ့မှုကောင်းကောင်းဖြင့် လေ့ကျင့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးအဆင့်မြင့်ရေကူးကန်(ပုသိမ်)သို့ သွားရောက်၍ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်နေသည့် ရေကူးအားကစားအဖွဲ့အား သွားရောက် ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် ကိုးသိန်းအားကစားကွင်း အားကစားသမားများထမင်းစားဆောင်၌ စခန်းသွင်းလေ့ကျင့်နေသည့် အားကစားအဖွဲ့များအား နေ့စဉ်ကျွေးမွေးသည့် စားသောက်ဖွယ်ရာပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများနှင့်အတူ နေ့လည်စာသုံးဆောင်ခဲ့ကြသည်။