တိုင်းဒေသကြီးဝန်ကြီးချုပ် တန်ဆောင်တိုင်မီးမျှောပွဲတော်၊ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ပူဇော်ပွဲ၊ စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
ပုသိမ် နိုဝင်ဘာ ၁
တန်ဆောင်တိုင်မီးမျှောပွဲတော်၊ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ပူဇော်ပွဲ၊ စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအနေဖြင့် ဘာသာ သာသနာရေးဆိုင်ရာအခမ်းအနားများကို စည်ကားသိုက်မြိုက်စွာကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ တန်ဆောင်တိုင်မီးမျှောပွဲတော်၊ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ပူဇော်ပွဲများ ကျင်းပရာတွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အထူးအလေးထားဆောင်ရွက်သွားကြရန်လိုပါကြောင်းနှင့် လုံခြုံရေးအသိသတိဖြင့်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မီးမျှောပူဇော်ရာတွင် ဒီရေအတက်အကျအချိန်များနှင့် ချိန်ဆဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း တိုင်းဒေသကြီး၏ အထင်ကရနေများတွင် လျှပ်စစ်မီးများ၊ အလှဆင်မီးများ လုံလောက်စွာရရှိရေးနှင့် ပြည်သူများအနားယူအပန်းဖြေမည့်နေရာများတွင် ပြည်သူများသွားလာလည်ပတ်နိုင်ရန် ကြိုတင်စီစဉ်ဆောင်ရွက်ကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဗ္ဗာန်ဈေးများဖွင့်လှစ်၍ စတုဒီသာများကျွေးမွေးရာတွင်လည်း စနစ်တကျဖြစ်စေရေးကို ကြိုတင်ပြင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပဒေသာပင်လှည့်ရာလမ်းကြောင်းတစ်လျောက် အဆင်ပြေချောမွေ့စွာနှင့် အန္တရာယ်ကင်းစွာလှည့်လည်နိုင်ရေး ပြင်ဆင်ထားရန်လိုကြောင်း၊ ပဒေသာပင်များပြင်ဆင်ဆောင်ရွက်ရာတွင်လည်း စနစ်တကျပြင်ဆင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပဒေသာပင်များပို့ဆောင်ထားရှိမည့် သာသနာ့ဗိမာန်တော်ကြီး၏ အတွင်း၊ အပြင်သန့်ရှင်းရေး၊ မွမ်းမံပြင်ဆင်ရေးများကိုလည်း ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ကျွေးမွေးလှူဒါန်းမည့် စားသောက်ဖွယ်ရာများချက်ပြုတ်ရာနှင့် ဧည့်ခံကျွေးမွေးရာတွင် သန့်ရှင်းမှုရှိစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များဖြစ်စေရေးကိုလည်း ဂရုပြုဆောင်ရွက်သွားကြရန်နှင့် တန်ဆောင်တိုင်မီးမျှောပွဲတော်၊ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ပူဇော်ပွဲ၊ စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီများဝင်က ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း” အမှာစကားများပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီများက လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် တန်ဆောင်တိုင်မီးမျှောပွဲတော်၊ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ပူဇော်ပွဲတွင် မီးရှူးမီးပန်းများ မှာယူပစ်ဖောက်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေများကိုလည်းကောင်း၊ ပွဲတော်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေအားလည်းကောင်း၊ စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပင့်ဆောင်မည့်ဆရာတော်ကြီးများစာရင်း၊ မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ပဒေသာပင်လှည့်လည်ရာတွင် ဖျော်ဖြေရေးယာဉ်များဖြင့် သတ်မှတ်လမ်းကြောင်းများအတိုင်း ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်းကောင်း၊ တန်ဆောင်တိုင်မီးမျှောပွဲတော်တွင် ဆီမီးမျှောမည့်နေရာနှင့် ယခင်နှစ်ဆီမီးမျှောခဲ့သည့် ဆီမီးအရေအတွက်များကိုလည်းကောင်း၊ တန်ဆောင်တိုင်မီးမျှောပွဲတော်၊ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ပူဇော်ပွဲ အခမ်းအနားကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ အလှမီးများထွန်းညှိမည့် အစီအမံများနှင့် စတုဒီသာကျွေးမွေးမည့် အစီအစည်များကိုလည်းကောင်း၊ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ပူဇော်ပွဲ၊ စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ဖိတ်ကြားမည့်သူများစာရင်းကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ပြီး တန်ဆောင်တိုင်မီးမျှောပွဲတော်၊ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ပူဇော်ပွဲ၊ စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၄) ရပ်ကွက်၊ ကုသိနာရုံဓမ္မာရုံရှိ စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းများသို့လည်းကောင်း၊ အမှတ်(၈)ရပ်ကွက်၊ အောင်သပြေဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်းရှိ စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းသို့လည်းကောင်း၊ အမှတ်(၁)ရပ်ကွက်၊အမှတ်(၁၇၇) အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ) စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းသို့လည်းကောင်း သွားရောက်၍ စာသင်သားများ၏ သင်ယူလေ့လာနေမှုများ၊ စာပေဖတ်ရှုနိုင်မှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီးစားသောက်ဖွယ်ရာများပေးအပ်ခဲ့ကာ စာသင်သားများ၏သင်ယူတတ်မြောက်မှုများအား လက်တွေ့အသုံးချနိုင်ရေး စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားပေးနိုင်ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။