တိုင်းဒေသကြီးဝန်ကြီးချုပ်ထံမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ၏ ပညာရေးဘွဲ့(၅)နှစ် သင်တန်းအမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ ၊ သိပ္ပံ ၊ AGTI ဒီပလိုမာ ပထမနှစ် သင်တန်းများသို့တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများဩဝါဒခံယူ

ပုသိမ် အောက်တိုဘာ ၃၁

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ပညာရေးဘွဲ့ (၅)နှစ်သင်တန်းအမှတ်စဉ် (၁၂)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ ၊ သိပ္ပံ၊ AGTI သင်တန်းများသို့တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများ ဩဝါဒခံယူပွဲ အခမ်းအနားကို အောက်တိုဘာလ ၃၀ ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်တင်ပြပြီးနောက် သင်တန်းသား ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းသားရွေးချယ်မှု လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ် သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ် (၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ ၊ သိပ္ပံ ၊ AGTI သင်တန်းများသို့ တက်ရောက်ရန် အတွက် မောင်မယ်များအား စနစ်တကျစိစစ်ရွေးချယ်ခဲ့ပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်များတွင် သွားရောက်ပညာသင်ကြားဆည်းပူးခွင့်ရသည့် သူများအနေဖြင့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားလူမျိုးများနှင့်တွေ့ဆုံရမှာဖြစ်၍ ဆက်ဆံရေးကောင်းမွန်မှု၊ ဖော်ရွေပျုငှာမှု၊ ကူညီရိုင်းပင်းမှုများဖြင့် မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုမြှင့်တင်နိုင်ကြရန်၊ မိမိတို့ တိုင်းဒေသကြီး၏ ဒေသဆိုင်ရာအချက်အလက်များကိုသိရှိပြီး အချင်းချင်း ဆွေးနွေးဖလှယ် နိုင်ကြမှာဖြစ်ပါကြောင်း၊ မိမိတို့၏ ပညာသင်ယူကြရမည့် တက္ကသိုလ်၊ ကောလိပ်တို့သို့ရောက်သည့်အခါ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆရာ၊ ဆရာမများရဲ့ ပြောဆိုဆုံးမဩဝါဒစကားကို မြေဝယ်မကျ နားထောင်ကြရန်လိုပါကြောင်း၊ မိမိတို့၏ ဘာသာရပ်အလိုက် ထူးချွန်ထက်မြက်အောင် ကြိုးစား ရွက်ဆောင်ကြရန်နှင့် နိုင်ငံတော်ရဲ့ သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်အောင် ကြိုးစားလေ့လာ သင်ယူကြစေလိုကြောင်း” အမှာစကားများ ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ပြီး ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၏ ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ် (၁၂)တက် ရောက်မည့်သူ ၁၉ ဦးနှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ ၊ သိပ္ပံ ၊ AGTI သင်တန်းများသို့တက်ရောက်မည့်သူ ၂၃ ဦး စုစုပေါင်း ၄၂ ဦး တက်ရောက်ကြမှာ ဖြစ်ကြောင်းသိရသည်။

31-Oct-2024