တိုင်းဒေသကြီးဝန်ကြီးချုပ် ရာဂီမုန်တိုင်းနှင့်စပ်လျဉ်း၍ ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုများအပေါ် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုပွဲ အခမ်းအနားတက်ရောက်
ပုသိမ် အောက်တိုဘာ ၃၀
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် ရာဂီမုန်တိုင်းနှင့်စပ်လျဉ်း၍ ဖြစ်ပွားခဲ့သောရေဘေးကြောင့် ထိခိုက်ပျက်စီးမှုများအပေါ် ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က“ ရာဂီမုန်တိုင်းနှင့်စပ်လျဉ်း၍ ဖြစ်ပွားခဲ့သောရေဘေးကြောင့် ထိခိုက်ပျက်စီးမှုများအပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ အား ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့များ၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှု ကြောင့် အချိန်တိုအတွင်း ရှာဖွေကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက် နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်စက်တင်ဘာလအတွင်း တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ် ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် စံချိန်တင် မိုးရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကာ အိမ်ထောင်စုပေါင်း(၈)သောင်းကျော်၊ လူဦးရေ (၁) သန်းနီးပါး ရေဘေးအန္တရာယ် တွေ့ကြုံခံစားခဲ့ရကာ သေဆုံး/ပျောက်ဆုံးသူ(၅၂၀)ဦးရှိကြောင်း မှတ်တမ်းများအရသိရှိရပါကြောင်း၊ ထို့အပြင် တိရစ္ဆာန်ပေါင်း (၁)သိန်း (၈)သောင်း ကျော်သေဆုံးခဲ့ကာ စပါးနှင့်သီးနှံ စိုက်ဧက (၇) သိန်းကျော် ထိခိုက်ခဲ့ပြီး လမ်း၊ တံတား၊ စာသင်ကျောင်း၊ လျှပ်စစ်၊ ဆက်သွယ်ရေး အစရှိသည့် ကဏ္ဍပေါင်းစုံ တွင်လည်းထိခိုက် ဆုံးရှုံးခဲ့ရပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင်လည်း ဇူလိုင်လနှင့် ဩဂုတ်လများတွင် မြစ်ရေကြီးခြင်း၊ မိုးအဆက်မပြတ်ရွာသွန်းခြင်းများကြောင့် စာသင်ကျောင်းများ ယာယီပိတ်ထားရခြင်းနှင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ထိခိုက်ခဲ့ရပါကြောင်း၊ ထို့အပြင် တိုင်ဖွန်းမုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့် မြန်အောင်ခရိုင်အတွင်း မြစ်ရေကြီးခြင်း၊ မိုးအဆက်မပြတ် ရွာသွန်းခြင်းများဖြစ်ပေါ်ခဲ့ပြီး စိုက်ဧကများ ထိခိုက်ခဲ့ရပါကြောင်း၊ ယခုအခါတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ယာယီပိတ်ထားရသည့် ကာလများအတွက် အချိန်ပိုသင်ကြားခြင်းများဆောင်ရွက်ပေးခဲ့ကာ သင်ကြားရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အချိန်မီကုစားစိုက်ပျိုးနိုင်ရေး နိုင်ငံတော်၏ပံ့ပိုးမှုဖြင့် အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပျက်စီးဆုံးရှုံးမှု များနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် စေတနာရှင်ပြည်သူများက သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းပေးခဲ့ကြသည့်အတွက်လည်း ကျေးဇူးတင်ပါကြောင်း၊ သဘာဝဘေးဖြစ်ပေါ်လာပါက အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေးအတွက် အားလုံးက တက်ညီလက်ညီကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းကြောင့် ထိခိုက်ခဲ့သည့်ဒေသများသို့သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်ပုဂ္ဂိုလ်များအား အလေးအနက်ကျေးဇူးတင်ရှိပါကြောင်း” အမှာစကားများ ပြောကြားခဲ့ပြီး တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ပေးအပ် ခဲ့သည်။
ထို့နောက် ရာဂီမုန်တိုင်းနှင့်စပ်လျဉ်း၍ ဖြစ်ပွားခဲ့သောရေဘေးကြောင့် ဘေးသင့်ဒေသ တစ်ခုဖြစ်သည့် နေပြည်တော်သို့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ဆောင်ရွက်ခဲ့သော တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ တိုင်းဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများအား လည်းကောင်း၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီးနောက် ရာဂီမုန်တိုင်းနှင့်စပ်လျဉ်း၍ ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုများအပေါ် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြု လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။