တိုင်းဒေသကြီးဝန်ကြီးချုပ် ဆီထွက်သီးနှံ(မြေပဲ၊နှမ်း၊နေကြာ)အထူးဇုန်များမှလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ်       အောက်တိုဘာ      ၂၇

ဆီထွက်သီးနှံ(မြေပဲ၊နှမ်း၊နေကြာ)အထူးဇုန်များမှ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ညောင်တုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ တောင်သူများတက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်က“ ဆီထွက်သီးနှံဇုန်ကြီးနှစ်ဇုန်အား ဧရာဝတီတိုင်းဒေသကြီးအတွင်း သတ်မှတ်အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယခင်နှစ်ကအကောင်အထည်ဖော်ဆောင်ရွက်ထားသည့် စိုက်ဧကများအား အခြေခံထားခြင်းဖြစ်ပါကြောင်း၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် မြစ်ရေကြီးမှုဖြစ်စဉ်များကြောင့် တိုင်း​ဒေဒသကြီးတွင် စိုက်ဧကများရေကြီးနစ်မြုပ်ပျက်စီးမှုများ ရှိခဲ့ပါကြောင်းနှင့် ၎င်းစိုက်ဧကများပြန်လည်ကုစားစိုက်ပျိုးနိုင်ရေးနှင့် စိုက်ဧကများပြည့်မီရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသကဲ့သို့ ဆီထွက်သီးနှံ(မြေပဲ၊နှမ်း၊နေကြာ)အထူးဇုန်များမှ လျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ရေးအတွက်လည်း အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံဇုန်ကြီးနှစ်ဇုန်အား အောင်မြင်စွာစိုက်ပျိုးဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် မျိုး၊ နည်းပညာများအပြင် လိုအပ်သည့်ပံ့ပိုးမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နေကြာပန်းတိုင်အထွက်နှုန်းရောက်ရှိရေးနှင့် ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးရာတွင် ပျားမွေးမြူရေးသည်လည်း အဓိကကျပါကြောင်း၊ ဆီဖူလုံရေးဆောင်ရွက်ရာတွင် ဇုန်နှစ်ဇုန်သာမက  ဇုန်ပြင်ပများကလည်း မူလလျာထားသည့် စိုက်ဧကများ ပြည့်မီအောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ(မြေပဲ၊နှမ်း၊နေကြာ)စိုက်ပျိုးရာတွင် ဖြစ်နိုင်သည့်ရာသီဥတု၊ မြေအနေအထားစသည့် ကဏ္ဍများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊  ဆီထွက်သီးနှံ အထူးဇုန်များသာမက ဇုန်ပြင်ပများကလည်း လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် အားလုံးကတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် ဆီထွက်သီးနှံအထူးဇုန်(၂)တာဝန်ခံက ၂၀၂၄ -၂၀၂၅ခုနှစ်၊ ဆီထွက်သီးနှံအထူးဇုန်(ဧရာဝတီဇုန်-၂) ဧရိယာများတွင် စိုက်ပျိုးထုတ်လုပ်မည့်အစီအစဉ်၊ အထူးဇုန်ဧရိယာအတွင်း ဆီထွက်သီးနှံမျိုးကွဲအလိုက် ဆောင်ရွက်မည့်အစီအစဉ်၊ ဆီထွက်သီးနှံဇုန်အလိုက် ရေရရှိရေးနည်းလမ်းအလိုက် ဆောင်ရွက်မည့်အစီအစဉ်နှင့် ၂၀၂၄-၂၀၂၅ခုနှစ်၊ ဇုန်အတွင်း မြေပဲ၊ နှမ်း၊ နေကြာ၊ စံပြကွက်ဆောင်ရွက်မည့်အစီအစဉ်များကိုလည်းကောင်း၊  ဆီထွက်သီးနှံအထူးဇုန်(၁)တာဝန်ခံ က အထူးဇုန်နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) အထူးဇုန်အား မြို့နယ်အလိုက် ဆောင်ရွက်သွားမည့်အခြေအနေများ၊ စိုက်နည်းစနစ်များနှင့် စမ်းသပ်ကွက်များ ဆောင်ရွက်သွားမည့် အခြေအနေများအားလည်းကောင်း၊ စိုက်ပျိုးရေးဉီးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဆီထွက်သီးနှံ(မြေပဲ၊နှမ်း၊နေကြာ)အထူးဇုန်များမှ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည့်အစီအမံများနှင့် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ အသိပညာပေးခြင်း၊ အောင်ရေရရှိရေးအတွက် ဆောင်ရွက်မှုအခြေအနေများနှင့် စံပြစိုက်ခင်းများ၊ သရုပ်ပြစိုက်ခင်းများစိုက်ပျိုး၍ တောင်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ ဟင်္သာခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးက တိုင်းဒေသကြီးအတွင်း နေကြာစိုက်ပျိုးရာ၌ အထောက်အကူပြုသည့် ပျားမွေးမြူရေးသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တောင်သူများထံသို့ နေကြာမျိုးစေ့များပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

27-Oct-2024