ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ပုသိမ်      အောက်တိုဘာ         ၇

ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းကို ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာန ဆိုင်ရာများတက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မိမိတို့တိုင်းဒေသကြီးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအားဆောင်ရွက်လျက်ရှိရာ  အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရေးအတွက် ကျောင်း ကျန်းမာရေးအသိပညာပေးလှုပ်ရှားမှုများ၊ ပြည်သူအသိပညာပေးလုပ်ငန်းများကို ယခုထက်ပိုမို ဆောင်ရွက်ရန်လိုပါကြောင်း၊၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေစီးရေလာကောင်းမွန်ရေး၊  သန့်ရှင်းသော သောက်သုံးရေ ရရှိသုံးစွဲနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မိမိတို့ မြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားပါက  သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်တင်ပြ ကြရန်နှင့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးရန်လိုပါကြောင်းနှင့် သက်ဆိုင်ရာဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူများကပူးပေါင်း ဆောင်ရွက်ရန်ဖြစ်ပါကြောင်း” အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း ဖြစ်ပွားမှုအခြေအနေများ၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်မည့်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစည်းအဝေးသို့တက်ရောက်လာသူများ အထွေထွေဆွေးနွေး တင်ပြချက် များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

07-Oct-2024