နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကျုံပျော်မြို့နယ်အားကစားခန်းမတွင် ပြုလုပ်သည့်တွေ့ဆုံပွဲသို့တက်ရောက်

ပုသိမ်      အောက်တိုဘာ      ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ကျုံပျော်မြို့နယ်အားကစားခန်းမတွင် ပြုလုပ်သည့်တွေ့ဆုံပွဲသို့တက်ရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က“ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တက်တက်ကြွကြွဖြင့်ကျေနပ်အားရဖွယ် ဆောင်ရွက်နေသည်ကိုတွေ့ရပါကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းသည် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန်နှင့် မဲပေးနိုင်သည့်အခွင့်အရေးရရှိရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပါကြောင်းနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်နိုင်ရန်အတွက် အရေးကြီးသောလူဦးရေနှင့် လူမှုစီးပွား ဆိုင်ရာအချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းဖြစ်၍  အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ၍ အနိုင်ရရှိသည့်ပါတီအား နိုင်ငံတော်အာဏာကို လွှဲအပ်ပေးမည်ဖြစ်ပါကြောင်း၊ တောင်သူများ၏ ရေကြီးနစ်မြုပ်စိုက်ဧကများတွင် စပါးများပြန်လည်အစားထိုးစိုက်ပျိုးခြင်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နေသည်ကိုလည်းတွေ့ရပါကြောင်း၊ တောင်သူများအနေဖြင့်သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးခြင်းကိုယုံယုံကြည်ကြည်ဖြင့်ထည့်သွင်းစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများကိုပိုမိုသုံးစွဲလာသည်ကို တွေ့ရှိရပါကြောင်းနှင့် ထိုကဲ့သဘာဝမြေဩဇာများ တွင်ကျယ်စွာ အသုံးပြုလာပါက စိုက်ပျိုးရေးစရိတ်နှင့် သွင်းအားစုများ သက်သာလာမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်၏ တည်ငြိမ်အေးချမ်းမှုသည် အရေးကြီးပြီး ထိုကဲ့သို့ တည်ငြိမ်အေးချမ်းမှုရှိစေရန် အဖွဲ့အစည်းအသီးသီးအပြင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံရေးပြဿနာများကိုအဖြေရှာဆွေးနွေးမှုများသည် ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင်သာ အဖြေရှာဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍ၌ မိမိတို့တိုင်းဒေသကြီးတည်ငြိမ်အေးချမ်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် နိုးကြားသောအသိ၊ နိုးကြားသောသတိဖြင့်ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း”အဖွင့်အမှာစကားပြောကြားပြီးတိုင်း‌ဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်ရန်နှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ စိုက်ဧကများတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တစ်ဧက(၁၀)တင်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဌာနဆိုင်ရာအသီးသီးသာမက ဝယ်ယူကြိတ်ခွဲတင်ပို့သူ သွင်းအားစုအစုအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်းနှင့်တောင်သူလယ်သမားနေ့အခမ်းအနားတွင် ထူးချွန်တောင်သူများအား ဆုများချီးမြှင့်ခဲ့ပါကြောင်း၊ တောင်သူများအနေဖြင့်လည်း  သီးထပ်စွမ်းအားတိုးတက်စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် မြစ်ရေကြီးမှုဖြစ်စဉ်များကြောင့် တောင်သူများ၏ စိုက်ဧကများရေကြီးနစ်မြုပ်ပျက်စီးမှုများ ရှိခဲ့ပါကြောင်း၊ ထို့ကဲ့သို့ ရေကြီးနစ်မြုပ်စိုက်ဧကများအား ပြန်လည်ကုစားစိုက်ပျိုးနိုင်ရေးအတွက် နည်းလမ်းများရှာဖွေဆောင်ရွက်ခဲ့ပြီး မိုးစပါးစိုက်ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ရေကြီးနစ်မြုပ်စိုက်ဧကများတွင် ပြန်လည်အစားထိုးစိုက်ပျိုးရာတွင် မိုးစပါးစိုက်ရာသီမှာ အောက်တိုဘာလကုန်အထိ သတ်မှတ်ထား၍ ၎င်းကာလအတွင်း ပျက်စီးစိုက်ဧကများအား ပြည်လည် ဖြည့်တင်းစိုက်ပျိုးရမည်ဖြစ်ပြီး မိုးစပါးစိုက်ဧကများ အပြည့်အဝပြန်လည်စိုက်ပျိုးနိုင်ရေး ဆောင်ရွက် ကြရန်လိုပါကြောင်း၊ ဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ) စိုက်ပျိုးရေးကို ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိရာ လျာထားဧကများပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများ၊ ဌာနဆိုင်ရာများ ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များအပြင် တောင်သူများအားလုံးက  စိုက်ဧကများပြည့်မီစေရေးနှင့် ပန်းတိုင်အထွက်နှုန်းများရရှိစေရေး အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကျုံပျော်ခရိုင်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးနှင့် မိုးသီးနှံများ ပြန်လည်စိုက်ပျိုးဆောင်ရွက်မှုအခြေအနေ၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များမှ တောင်သူများထံသို့ မျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က နိဂုံးချုပ်အမှာစကားများပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ တောင်သူဦးစိန်မောင်၏ စိုက်ဧက(၃.၅)တွင် GW-11စပါးမျိုးစပါးအား (၀.၁၀)ဧကစံကွက်ရိတ်သိမ်းနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး အထွက်တိုးမျိုးစပါးများသုံးစွဲမှု၊ တစ်ဧကအထွက်နှုန်းတိုးတက်မှု၊ သဘာဝမြေဩဇာအသုံးပြုမှု၊ သစ်စိမ်း မြေဩဇာ ထည့်သွင်းအသုံးပြုမှုအခြေအနေများဆွေးနွေးမေးမြန်းခဲ့ပြီး သဘာဝမြေဩဇာများကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်စေရေးမှာကြားခဲ့သည်။ အဆိုပါ GW-11စပါးမျိုးစပါးအား (၀.၁၀)ဧကစံကွက်ရိတ်သိမ်း
ခဲ့ရာတွင် တစ်ဧကပျမ်းမျှ ၁၀၄.၂၅တင်းထွက်ရှိခဲ့ကြောင်းသိရသည်။ 

ယင်းနောက်  ကျောင်းကုန်းမြို့နယ်၊ ပန်းတောရိုးကျေးရွာရှိ တောင်သူဦးအောင်မျိုးသန်း၏ ရေကြီးနစ်မြုပ်မှုကြောင့်စပါးပျက်စီး  စိုက်ဧက( ၁၇) ဧကနှင့် တောင်သူဦးမင်းမင်းဦး၏ ရေကြီးနစ်မြုပ်မှုကြောင့်စပါးပျက်စီး  စိုက်ဧက ( ၁၀)ဧက တွင် ဆင်းသုခစပါးမျိုးအား ကောက်စိုက်သမများ၊ drum seeder များဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ပြန်လည်စိုက်ပျိုးပြီးစီးမှု အခြေအနေများ၊ ပျက်စီးစိုက်ဧကများ အချိန်မီဖြည့်တင်းစိုက်ပျိုးနိုင်ရေး၊ အောင်ရေရရှိရေး၊ နွားမွေးမြူရေးလုပ်ငန်းများဆောင်ရွက်စေရေး၊ သဘာဝမြေဩဇာများထုတ်လုပ်သုံးစွဲနိုင်ရေးကိစ္စများကို တောင်သူများနှင့်ဆွေးနွေးခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကောက်စိုက်သမများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

04-Oct-2024