နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့်တွေ့ဆုံပွဲသို့တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဟင်္သာတမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် တွေ့ဆုံပွဲသို့တက်ရောက်

ပုသိမ်         အောက်တိုဘာ      ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က“ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ကောက်ယူလျက်ရှိပါကြောင်း၊  သန်းခေါင်စာရင်း ကောက်ယူခြင်းသည် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန်နှင့် မဲပေးနိုင်သည့်အခွင့်အရေးရရှိရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပါကြောင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်နိုင်ရန်အတွက် အရေးကြီးသောလူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသောစီမံကိန်းဖြစ်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ အနိုင်ရရှိသည့်ပါတီအား နိုင်ငံတော်အာဏာကို လွှဲအပ်ပေးမည်ဖြစ်ပါကြောင်း၊  နိုင်ငံ့တာဝန်များကို ထမ်းဆောင်ရာတွင် ရိုးသားမှု၊ သစ္စာရှိမှု၊ စေတနာရှိမှုများဖြင့် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်၏ တည်ငြိမ်အေးချမ်းမှုသည် အရေးကြီးပြီး ထိုကဲ့သို့ တည်ငြိမ်အေးချမ်းမှုရှိစေရန် အဖွဲ့အစည်းအသီးသီးအပြင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံရေးပြဿနာများကိုအဖြေရှာဆွေးနွေးမှုများသည် ငြိမ်းချမ်းေရးစားပွဲဝိုင်းတွင်သာအဖြေရှာဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍ၌ မိမိတို့တိုင်းဒေသကြီးတည်ငြိမ်အေးချမ်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း”အဖွင့်အမှာစကားပြောကြားပြီးတိုင်း‌ဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်ရန်နှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ စိုက်ဧကများတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားရသည့် တိုင်းဒေသကြီးလည်းဖြစ်သည့်အပြင် ရေခံမြေခံကောင်းမွန်ပြီး မြေသယံဇာတ၊ ရေသယံဇာတ၊ လူစွမ်းအားအရင်းအမြစ်များ ပေါကြွယ်ဝသည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် မြစ်ရေကြီးမှုဖြစ်စဉ်များကြောင့် တောင်သူများ၏ စိုက်ဧကများရေကြီးနစ်မြုပ်ပျက်စီးမှုများ ရှိခဲ့ပါကြောင်း၊ ထို့ကဲ့သို့ ရေကြီးနစ်မြုပ်စိုက်ဧကများအား ပြန်လည်ကုစားစိုက်ပျိုးနိုင်ရေးအတွက် နည်းလမ်းများရှာဖွေဆောင်ရွက်ခဲ့ပြီး မိုးစပါးစိုက်ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးဆောင်ရွက် လျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးအဖွဲ့အပြင် ဝယ်ယူကြိတ်ခွဲတင်ပို့သူ သွင်းအားစုအစုအဖွဲ့များကလည်း လိုအပ်သည့်မျိုးစပါးများအား တောင်သူများကိုထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ ရေကြီးနစ်မြုပ်စိုက်ဧကများတွင် ပြန်လည်အစားထိုးစိုက်ပျိုးရာတွင် မိုးစပါးစိုက်ရာသီမှာ အောက်တိုဘာလကုန်အထိ သတ်မှတ်ထား၍ ၎င်းကာလအတွင်း ပျက်စီးစိုက်ဧကများအား ပြည်လည် ဖြည့်တင်းစိုက်ပျိုးရမည်ဖြစ်ပြီး မိုးစပါးစိုက်ဧကများ အပြည့်အဝပြန်လည်စိုက်ပျိုးနိုင်ရေး ဆောင်ရွက် ကြရန်လိုပါကြောင်း၊ မမျှော်မှန်းသည့် သဘာဝတရား၏ရိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများဖြစ်ပေါ်ခဲ့မှုအပေါ်  စိုက်ဧကများဖြည့်တင်းစိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များအပြင် တောင်သူများအားလုံးက  စိုက်ဧကများပြည့်မီစေရေးနှင့် အထွက်နှုန်းများ ထိခိုက်မှုမရှိစေရေး အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဟင်္သာတခရိုင်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးနှင့် မိုးသီးနှံများ ပြန်လည်စိုက်ပျိုးဆောင်ရွက်မှုအခြေအနေ၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊  ဆီထွက်သီးနှံအထူးဇုန်(၁)တာဝန်ခံက အထူးဇုန်နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြပြီးနောက် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ တောင်သူများထံသို့ မျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ကြောင်းသိရသည်။

03-Oct-2024