နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြန်အောင်မြို့၊  အောင်ဇေယျအားကစားခန်းမတွင်ပြုလုပ်သည့် တွေ့ဆုံပွဲသို့တက်ရောက်

ပုသိမ် အောက်တိုဘာလ ၂ ရက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြန်အောင်မြို့၊  အောင်ဇေယျအားကစားခန်းမတွင်ပြုလုပ်သည့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က“ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယခုလ(၁)ရက်နေ့မှစတင်၍ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များဖြစ်သည့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့်တိုင်းရင်းသားဘာသာရပ်သင်ဆရာ၊ ဆရာမ များက စေ့စေ့စပ်စပ်ဖြင့်ကောက်ယူနေကြသကဲ့သို့ ပြည်သူများကလည်း စိတ်ပါဝင်စားစွာဖြင့် ပြန်လည်ဖြေကြားနေသည်ကိုတွေ့ရသည့်အတွက် ဝမ်းသာရပါကြောင်း၊  သန်းခေါင်စာရင်း ကောက်ယူခြင်းသည် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန်နှင့် မဲပေးနိုင်သည့်အခွင့်အရေးရရှိရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပါကြောင်းနှင့်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်နိုင်ရန်အတွက် အရေးကြီးသောလူဦးရေနှင့် လူမှုစီးပွား ဆိုင်ရာအချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းဖြစ်၍  အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  ဧရာဝတီတိုင်းဒေသကြီးသည် လုံခြုံ၊ တည်ငြိမ်၊ အေးချမ်းသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအတွင်းနေထိုင်ကြသည့် ပြည်သူများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာစွာဖြင့် ဘဝရပ်တည်ရေးလုပ်ငန်းများကို စိတ်အေးချမ်းသာစွာဆောင်ရွက်နိုင်ကြမည်ဖြစ်ပါကြာင်း၊ ပြည်သူများအနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍ၌ မိမိတို့တိုင်းဒေသကြီးတည်ငြိမ်အေးချမ်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း”အဖွင့်အမှာစကားပြောကြားပြီးတိုင်း‌ဒေသကြီးဝန်ကြီးချုပ်က“ ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် မြစ်ရေကြီးမှုဖြစ်စဉ်များကြောင့် တောင်သူများ၏ စိုက်ဧကများရေကြီးနစ်မြုပ်ပျက်စီးမှုများ ရှိခဲ့ပါကြောင်း၊ထို့ကဲ့သို့ ရေကြီးနစ်မြုပ်စိုက်ဧကများအား ပြန်လည်ကုစားစိုက်ပျိုးနိုင်ရေးအတွက် နည်းလမ်းများရှာဖွေဆောင်ရွက်ခဲ့ပြီး မိုးစပါးစိုက်ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးဆောင်ရွက် လျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးအဖွဲ့အပြင် ဝယ်ယူကြိတ်ခွဲတင်ပို့သူ သွင်းအားစုအစုအဖွဲ့များကလည်း လိုအပ်သည့်မျိုးစပါးများအား တောင်သူများကိုထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ စိုက်ဧကများရေကြီးနစ်မြုပ်ပျက်စီးမှုများကြောင့် တောင်သူများအနေဖြင့် စိတ်ဓာတ်ကျရန်မလိုပါကြောင်းနှင့် အားလုံးတက်ညီလက်ညီပူးပေါင်းဆောင်ရွက်မှုဖြင့် အနိုင်ယူရမည်ဖြစ်ပါကြောင်း၊ စိုက်ဧကများပြည့်မီစေရေးနှင့် အထွက်နှုန်းများ ထိခိုက်မှုမရှိစေရေး အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မြန်အောင်ခရိုင်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးနှင့် မိုးသီးနှံများပြန်လည်စိုက်ပျိုးဆောင်ရွက်မှုအခြေအနေ၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊  ဆီထွက်သီးနှံအထူးဇုန်(၁)တာဝန်ခံက အထူးဇုန်နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြပြီးနောက် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များမှ တောင်သူများထံသို့ မျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

02-Oct-2024