နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြန်အောင်ခရိုင်အတွင်းရှိ၂၀၂၄ခုနှစ်၊ မိုးစပါးရေကြီးနစ်မြုပ်ဧရိယာများအား မိုးစပါးပြန်လည်စိုက်ပျိုးနေမှုများ၊ မိုးနေကြာစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေး

ပုသိမ်             အောက်တိုဘာ        ၂

ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကများအား စိုက်ဧကများ ပြည့်မီရေးနှင့် အချိန်မီစိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မြန်အောင်ခရိုင်အတွင်းရှိ ၂၀၂၄ခုနှစ်၊ မိုးစပါးရေကြီးနစ်မြုပ်ဧရိယာများအား မိုးစပါးပြန်လည်စိုက်ပျိုးနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ တလိုင်းကွင်းကျေးရွာအုပ်စု ၊ အောက်စုကျေးရွာရှိ တောင်သူဦးတင်ထွန်း၏ မိုးစပါးရေကြီးနစ်မြုပ်ဧရိယာ စိုက်ဧက(၂.၅၀)ဧကတွင် ဗျော့ထွန်းစပါးမျိုးအား ကောက်စိုက်သမများဖြင့်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ရာ  မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက ၂၀၂၄ - ၂၀၂၅ခုနှစ်၊ မိုးစပါးစိုက်နည်းစနစ်အလိုက် အပင်ဖြစ်ထွန်းမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က  မိုးစပါးစိုက်ဧကများထိခိုက် ပျက်စီးမှုအခြေအနေများ၊ ပြန်လည်ကုစားစိုက်ပျိုးနေမှုအခြေအနေများနှင့် မျိုးစပါးများ၊ သွင်းအားစုများထောက်ပံ့ပေးနေမှု၊ တစ်ဧကအထွက်နှုန်းရရှိမှု၊ ကုန်ကျစရိတ်အခြေအနေများအားဆွေးနွေးပြောကြားခဲ့ပြီး စိုက်ဧကများ ပြည့်မီစေရေး၊ အထွက်နှုန်းများ ထိခိုက်မှုမရှိစေရေးအတွက် တောင်သူများနှင့် ဌာနဆိုင်ရာများက ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ကောက်စိုက်လုံမေများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ ကညင်ငူကျေးရွာရှိ တောင်သူဦးအောင်စိုး၏ ယာမြေတွင် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ထုတ် (၅)ဧက စိုက်ပျိုးပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ရာ မြန် အောင်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက နေကြာစိုက်ပျိုးရန်သင့်တော်သည့် မြေအမျိုးအစား၊ တစ်ဧကကုန်ကျစရိတ်များနှင့် ရေ၊ အာဟာရမျှတစွာသုံးစွဲရမည့် နည်းလမ်းများ၊ နေကြာစိုက်ပျိုးရန်လျာထားဆောင်ရွက်မှု အခြေအနေများကိုရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံအထူးဇုန်နှစ်ဇုန်သတ်မှတ်ဆောင်ရွက်ရာတွင် မြန်အောင်ခရိုင်သည်လည်း ပါဝင်သဖြင့် ဆီထွက်သီးနှံစိုက်ဧကများ တိုးတက်စိုက်ပျိုးရေးနှင့် အထွက်နှုန်းများတိုးတက်စေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ စသည့်ဆီထွက်သီးနှံများစိုက်ပျိုးရာတွင် နေကြာစိုက်ပျိုးခြင်းသည် ဆီကြိတ်ခွဲရရှိမှုအများဆုံးဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် နေကြာဆီများရရှိနိုင်မှုအခြေအနေများ၊ ဆီဖူလုံမှုတိုးတက်လာမည့်အပြင် ပြည်ပမှစားသုံးဆီမှာယူတင်သွင်းမှုကိုလျော့ချနိုင်မည့်အခြေအနေများနှင့် လျာထားစိုက်ဧကများပြည့်မီရေး၊ အထွက်နှုန်းတိုးတက်စေရေး၊ မြေဩဇာကျွေးခြင်း၊ ရေပေးခြင်းများစနစ်တကျဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်းနှင့် အထွက်နှုန်းများ တိုးတက်စေရေးအတွက်  မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ရမည့်အခြေအနေများ၊ နေကြာစိုက်ပျိုးမှုအောင်မြင်စေရေးအတွက် နေကြာစိုက်ပျိုးရေးပညာရှင်များဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ အောင်မြင်ဖြစ်ထွန်းသည့် နေကြာစိုက်ခင်းများအား နမူနာယူဆောင်ရွက်ကြရမည့်အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပြီး နေကြာစိုက်လုပ်သားများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ ကဇွန်းခုံကျေးရွာအုပ်စုရှိ မြန်အောင်ခရိုင် ၂၀၂၄-၂၀၂၅ခုနှစ်  ဆီထွက်သီးနှံအထူးဇုန် မြေပဲ၊ နှမ်း၊ နေကြာ (၃၅၀) ဧကစိုက်ခင်းရှိ တောင်သူဦးမိုးကျော်သူ၏ မိုးေနကြာ (ဆင်းရွှေကြာ-၂) တစ်ဧကစိုက်ခင်း၊ မိုးမြေပဲ (မကွေး-၁၂) နှစ်ဧကစိုက်ခင်း၊ တောင်သူဦးအေးလင်း၏  မိုးနေကြာ (ဆင်းရွှေကြာ-၂) တစ်ဧကစိုက်ခင်း၊ တောင်သူဦးမြင့်အောင်၏ မိုးနှမ်း (စမုံနက်) တစ်ဧကစိုက်ခင်းတွင် ပေါင်းလိုက်ခြင်း၊ သမန်းနှိုးခြင်း ဆောင်ရွက်နေမှုများကိုကြည့်ရှု အားပေးခဲ့ပြီး၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးဗဟုသုတများပိုမိုရရှိစေရေး၊ စိုက်ပျိုးရေးလုပ်ငန်းများစနစ်တကျဆောင်ရွက်ပြီး တွေ့ကြုံရမှုများကို စနစ်တကျမှတ်တမ်းထားရှိစေရေးနှင့် အောင်မြင်ဖြစ်ထွန်း အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် မြန်အောင်မြို့၊ သဘာဝမီးစက်လမ်းရှိ “ကောင်းသန့်”ဆီစက်သို့သွားရောက်၍ကြည့်ရှုစစ်ဆေးခဲ့ပြီး  မြေပဲ၊ နေကြာ ဆီများကြိတ်ခွဲထုတ်လုပ်မှု၊ ကုန်ကြမ်းရရှိမှု၊ ဈေးကွက်ရရှိမှုအခြေအနေများ၊ ယခင်နှစ်များထက် နေကြာဆီပိုမိုကြိတ်ခွဲရရှိမှုအခြေအနေများဆွေးနွေးပြောကြားခဲ့ပြီး သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီများထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီဆီကြိတ်စက်များနှင့် နေကြာဆီများပိုမိုထုတ်လုပ်နိုင်ရေးမှာကြားခဲ့သည်။ ယင်းနောက် မြန်အောင်မြို့၊ အမှတ်(၄) ရပ်ကွက်၌ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များဖြစ်သည့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့်တိုင်းရင်းသားဘာသာရပ်သင်ဆရာ၊ ဆရာမ များမှ Tablet များဖြင့် တစ်အိမ်တက်ဆင်းသန်းခေါင်စာရင်း ကောက်ယူနေမှုများ၊ ပြည်သူများမှ စိတ်ပါဝင်စားစွာ ဖြေကြားနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး အချက်အလက်များမှန်ကန်စွာရေးသွင်းစေရေး၊ ပြည်သူများကလည်း မေးမြန်းချက်များအား ပြည့်စုံမှန်ကန်စွာ ဖြေကြားပေးနိုင်ရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့သည်။ 

02-Oct-2024